ဇူလိုင်လ ၈ ရက်နေ့မှာ တရုတ်ပြည်တွင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ SensorTower ကနေ AppStore နဲ့ Google Play တို့ပေါ်က တရုတ်မိုဘိုင်းဂိမ်းတွေရဲ့ ဝင်ငွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ တွက်ချက်မှုအရ တရုတ်ပြည်တွင်းမှ အအောင်မြင်ဆုံး ဂိမ်းထုတ်လုပ်သူ အယောက် ၃၀ ရဲ့ ဝင်ငွေစုစုပေါင်းဟာ ၂၀၂၀ ဇွန်လ တစ်လတည်းမှာတင် အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံ (သန်း ၁၆၅၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အံ့မခန်းပမာဏတစ်ခုဖြစ်ပြီး တရုတ်ဂိမ်းထုတ်လုပ်သူ ၃၀ ရဲ့ ဝင်ငွေဟာ ဇွန်လ ၂၀၂၀ အတွက် တစ်ကမ္ဘာလုံးမှ ဂိမ်းထုတ်လုပ်သူတွေ စုစုပေါင်းဝင်ငွေရဲ့ ၂၆ ရာခိုင်နှုန်းထိ ရှိတယ်လို့လည်း ဖော်ပြခဲ့တာကြောင့် တစ်ကမ္ဘာလုံး ဝင်ငွေရဲ့ လေးပုံတစ်ပုံကျော်ကျော်လည်း ဖြစ်ပါတယ်။

ထိပ်ဆုံးမှာ Tencent နဲ့ NetEase တို့လို နာမည်ကြီးတွေနဲ့အတူ Lilith Games, FunPlus, Lingxi Games တို့လို ရင်းနှီးတဲ့အမည်တွေလည်း အပါအဝင်ပါပဲ။ အခုလို ဝင်ငွေကောင်းခဲ့တာတောင်မှ တစ်ကမ္ဘာလုံးမှာ မိုဘိုင်းဂိမ်းအတွက် ငွေသုံးစွဲမှု ကျဆင်းခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံတစ်ခုတည်းမှာပဲ တည်ငြိမ်တဲ့ တိုးတက်မှုရှိခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

စမတ်ဖုန်းယဉ်ကျေးမှုအရှိန်မြင့်လာတာနဲ့အမျှ မိုဘိုင်းဂိမ်းစျေးကွက်ရဲ့ ဝင်ငွေဟာ ကွန်ပြူတာဂိမ်းနဲ့ ကွန်ဆိုးဂိမ်း နှစ်ခုပေါင်းထက် ကျော်လွန်လာခဲ့ပါပြီ။ တရုတ်နိုင်ငံဟာလည်း ဒီစျေးကွက်မှာ ထုတ်လုပ်သူအဖြစ်ရော သုံးစွဲသူအဖြစ်ပါ မြင့်မားစွာ ပါဝင်နေတာမို့ အခုလို ရလဒ်ဟာ မထင်မှတ်ထားစရာတော့ မဟုတ်ပါဘူး။ မိုဘိုင်းဂိမ်းတွေမှာ ဂိမ်းကို ပိုက်ဆံပေးဝယ်ပြီး အစအဆုံးကစားနိုင်တဲ့ စနစ်ထက် အခမဲ့ကစားစေပြီး နောက်ကနေ In-game Purchase နဲ့ ငွေပြန်ရှာတာက ပိုရတာကြောင့်လည်း မိုဘိုင်းဂိမ်းတွေဟာ ငွေပိုရှာနိုင်တာ ဖြစ်ပါတယ်။

Ref – GizmoChina