ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန်က Huawei ကိုပိတ်ဆို့ရာမှာ ထိုင်ဝမ်အခြေစိုက် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ TSMC (Taiwan Semiconductor Manufacturing Company) အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။

TSMC ဟာ Chip တွေထုတ်လုပ်ရာမှာ အမေရိကန်နည်းပညာနဲ့ အမေရိကန်ရဲ့ Manufacturing Equipment တွေကို အသုံးပြုရပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့မှုစည်းမျဉ်းသစ်အရ Huawei ကို Chip တွေ ရောင်းချလို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ဖောက်သည်ကိုလက်လွှတ်ရပြီး ဝင်ငွေလည်း ထိခိုက်လာဖွယ်ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း TSMC ကတော့ ၂၀၂၀ အတွက် Chip မှာယူမှုတွေများပြားနေတာကြောင့် ရင်းနှီးငွေတောင် ပိုတိုးပြီးလျာထားနေရတယ်လို့ သိရပါတယ်။ တခြားတစ်ဘက်ကကြည့်ရင်လည်း TSMC ဟာ 5nm Chip တွေကို အလုံးလိုက်အရင်းလိုက် ထုတ်လုပ်နေသလို Apple လိုဖောက်သည်တွေကလည်း ကျန်ရှိနေသေးတာကြောင့် လစ်လပ်သွားတဲ့ဝယ်လိုအားကို ပြန်ပြီးဖြည့်တင်းနိုင်မယ်လို့ ယုံကြည်နေတာပါ။

အခုလတ်တလောအချိန်မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လျှော့ချတွက်ချက်ခံထားရပါတယ်။ 5G ဈေးကွက်ကတော့ ကုမ္ပဏီအတွက် အကြပ်အတည်းကို ရှောင်လွှဲနိုင်မယ့် အဖြေဖြစ်လာဖွယ်ရှိတာကြောင့် ဒီနှစ်ရဲ့ ကျန်တဲ့သုံးလပတ်ကာလတွေမှာ ဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကို စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးဖော်ပြထားတဲ့သတင်းတွေမှာတော့ TSMC ဟာ ၂၀၂၀ ထဲမှာ နည်းပညာနဲ့ လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့အတွက် ဒေါ်လာ ၁၆ ဘီလီယံအထိ သုံးစွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အရီဇိုးနားပြည်နယ်မှာဖွင့်လှစ်တဲ့ စက်ရုံသစ်မှာလည်း ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါသေးတယ်။

Ref: Gizmochina