အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့မေလလယ်တုန်းက Huawei အပေါ် ပိတ်ပင်တားမြစ်ထားတာကို ဖြေလျှော့မပေးဘဲ နောက်ထပ် သက်တမ်းတိုးခဲ့ပါတယ်။ Huawei ကို ပိတ်ပင်တဲ့ထဲမှာ အမေရိကန်နည်းပညာအသုံးပြုတဲ့ Chipmaker တွေလည်းပါဝင်တာကြောင့် Huawei နဲ့ TSMC တို့ရဲ့ ညောင်ညိုပင်လမ်းခွဲဇာတ်လမ်းလည်း ဖြစ်ပေါ်လာရတာပါ။

အမေရိကန်အစိုးရရဲ့ စည်းမျဉ်းသစ်တွေ ထုတ်ပြန်ပြီးချိန်မှာ ထိုင်ဝမ်အခြေစိုက် Chipmaker ကြီး TSMC ကလည်း သူတို့အနေနဲ့ တရုတ်နည်းပညာကုမ္ပဏီကြီးဆီကနေ အမှာစာတွေလက်ခံတာကို ရပ်ဆိုင်းထားကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုသတင်းထွက်ပြီး နှစ်လလောက်ကြာတဲ့အချိန်မှာမှ TSMC က တရားဝင် အတည်ပြုချက်ပေးလာတာ ဖြစ်ပါတယ်။

TSMC ဟာ ပြီးခဲ့တဲ့ မေလကတည်းက Huawei ဆီကနေ Chip အမှာစာသစ်ကို လက်ခံခြင်းမရှိတော့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက စုစုပေါင်းရရှိတဲ့ ဝင်ငွေအနက် ၂၃% ကို Huawei ဆီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

TSMC ဟာ Apple, Qualcomm, Huawei, MediaTek, NVIDIA, Broadcom, ADI, NXP နဲ့ အခြားအဓိကကုမ္ပဏီတွအတွက် Chipset တွေကို ထုတ်လုပ်ပေးနေပြီး ကမ္ဘာ့အကြီးဆုံး Chipmaker ကြီးလို့လည်း ပြောနိုင်ပါတယ်။ TSMC ဟာ Huawei ကို လက်လွှတ်လိုက်ရပေမယ့်လည်း 5G ထုတ်ကုန်တွေနဲ့အတူ ကုမ္ပဏီရဲ့ ဝင်ငွေကို ပိုပြီးရှာဖွေနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ၂၀၂၀ မှာ ၂၀% ကျော်အထိ ဝင်ငွေတိုးတက်မှုရည်မှန်းချက်ကို တိုးမြှင့်ခဲ့သလို၊ အရင်းအနှီးအသုံးစရိတ်ကိုလည်း မူလအစီအစဉ်ဖြစ်တဲ့ ဒေါ်လာ ၁၅ ဘီလီယံကနေ ၁၆ ဘီလီယံကြား သတ်မှတ်ချက်ကို ၁၇ ဘီလီယံအထိ တိုးမြှင့်ခဲ့ပါတယ်။

Ref: Gizmochina