ထိုင်ဝမ်အခြေစိုက် Semiconductor ကုမ္ပဏီကြီး TSMC ကတော့ Chip ထုတ်လုပ်ရေးမှာ ပိုပြီးတိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် စံချိန်တင်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ Reuters သတင်းဌာနက ရေ:သားဖော်ပြလိုက်ပါတယ်။ ဒါဟာ လာမဲ့နှစ်ရဲ့ စမတ်ဖုန်းဈေးကွက်ကို ထင်ဟပ်နေတဲ့မျှော်မှန်းချက်လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်အစီရင်ခံစာအရ TSMC ဟာ စံချိန်တင်အမြတ်ငွေ 16.4% တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ ကုမ္ပဏီအနေနဲ့ လာမဲ့နှစ်တွေအတွင်းမှာ စံချိန်တင် Chip ဝယ်လိုအားဖြစ်လာမယ်လို့ မျှော်လင့်ထားပြီး၊ ဒီအတွက်ပြင်ဆင်မှုအဖြစ် အဆောက်အဦတွေတိုးချဲ့ဖို့ ဒေါ်လာဘီလီယံ ၁၀၀ ကို အသုံးပြုမဲ့ ၂၀၂၁ ခုနှစ်ကအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။

TSMC ဟာ သူ့ရဲ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ဖို့အတွက် ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၄၀ ကနေ ၄၄ ဘီလီယံ အထိ လျာထားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ကိန်းကဏန်းဖြစ်တဲ့ ဒေါ်လာ ဘီလီယံ ၃၀ ထက် ပိုမိုမြင့်တက်လာတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကုမ္ပဏီကြီးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး Chip ထုတ်လုပ်သူဖြစ်ပြီး အများအကြားမှာ Apple နဲ့ Qualcomm တို့အတွက် အဓိကထုတ်လုပ်ပေးနေပါတယ်။

TSMC ဟာ AI နဲ့ 5G လို နည်းပညာတွေနဲ့အတူ အရှိန်အဟုန်မြင့်လာပြီး စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ကားတွေနဲ့ အခြားစက်အမျိုးမျိုးအတွက် မြန်နှုန်းမြင့် ဆီလီကွန်လိုအပ်မှုတွေကြောင့် ခိုင်မာတဲ့ Chip ဝယ်လိုအားအတွက် “multi-year industry megatrend” အဖြစ်မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Ref: GSM Arena