TSMC ဟာ အရီဇိုးနား၊ Phoenix မှာ စက်ရုံသစ်တစ်ခု တည်ဆောက်နေပြီး လာမဲ့ ၂၀၂၄ ခုနှစ်အတွင်း 5nm chipset တွေ အလုံးအရင်းလိုက် ထုတ်လုပ်ဖို့စီစဉ်နေတာကို သိကြပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အရီဇိုးနားစက်ရုံက 5nm chipset တွေထုတ်နေချိန်မှာ ထိုင်ဝမ်ကစက်ရုံမှာတော့ 2nm chipset တွေထုတ်နေချိန် ဖြစ်ပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ TSMC ဟာ အရီဇိုးနားမှာ နောက်ဆုံးပေါ် Chipset တွေကို ထုတ်မှာမဟုတ်ဘူးဆိုတာပါပဲ။

Wccftech ရဲ့ သတင်းတစ်ပုဒ်မှာတော့ TSMC ဟာ အရီဇိုးနားအဆောက်အအုံသစ်တည်ဆောက်မှုကို နှောင့်နှေးစေနိုင်မဲ့ စီမံခန့်ခွဲမှုဆိုင်ရာပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ပြဿနာက Chip ထုတ်လုပ်ရေးစက်ရုံတွေမှာ မဖြစ်မနေထည့်သွင်းရတဲ့ လုပ်ငန်းစဉ်ညစ်ညမ်းစေနိုင်တဲ့အရာတွေကိုခံနိုင်ရည်ရှိတဲ့ သန့်စင်ရေ:အခန်းတွေနဲ့ သက်ဆိုင်ပါတယ်။

The United Daily News (UDN) ရဲ့အဆိုအရ စက်ရုံရဲ့ သက်တမ်းကြာသန့်ရှင်းရေးသုံးပစ္စည်းပေးသွင်းသူဟာ ဒီအလုပ်အတွက် စိုးရိမ်မှုနဲ့တုန်လှုပ်နေတယ်လို့ သိရပါတယ်။ အရီဇိုးနား စက်ရုံသစ်အတွက် သန့်စင်ရေးအခန်းကိုတပ်ဆင်ပေးမှာက Jiangxi Hantang System Integration Co. ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီဟာ တည်ထောင်သူသေဆုံးပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ရှယ်ယာရှင်တွေကြားက အာဏာလွန်ဆွဲပွဲကြောင့် မတည်မငြိမ်ဖြစ်နေသလို၊ လုပ်ငန်းစဉ်အချို့လည်း ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးသတင်းမှာတော့ Hantang နဲ့ TSMC တို့ဟာ သူတို့ရဲ့ စေ့စပ်ညှိနှိုင်းမှုကိုအဆုံးသတ်ပြီး Hantang က သူတို့ရဲ့ ထိပ်တန်းအင်ဂျင်နီယာ ၂၀ ကို အမေရိကန်စက်ရုံဆီ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ TSMC ကတော့ စက်ရုံတည်ဆောက်မှုပိုင်းအတွက် ပြည်နယ်နေ အလုပ်သမား ၂၀၀ ကျော်ကို ငှားရမ်းမယ်လို့ ဆိုုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စက်ရုံတည်ဆောက်မှုရဲ့ နောက်ဆုံးအပိုင်းတွေဟာ မမျှော်လင့်တဲ့ကြန့်ကြာမှုတွေကို ကြုံတွေ့လာရနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။

Ref: Phone Arena