ကမ္ဘာ့အကြီးဆုံး Taiwan Semiconductor Manufacturing Company (TSMC) ဟာ အမေရိကန်မှာ တိုးချဲ့ဖို့ကြိုးစားနေပါတယ်။ အရီဇိုးနားမှာ ဒေါ်လာ ၁၂ ဘီလီယံရှိတဲ့ စက်ရုံကိုတည်ဆောက်ပြီး 5nm chips တွေကို ၂၀၂၄ မှာထုတ်လုပ်နိုင်ဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။

စက်ရုံကို ပြီးခဲ့တဲ့နှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ EETimes ရဲ့ ဖော်ပြချက်အရ ထိုင်ဝမ်မှာအဆင်ပြေတဲ့ စီမံခန့်ခွဲမှုပုံစံဟာ အနောက်တိုင်းယဉ်ကျေးမှု၊ နေထိုင်မှုပုံစံတွေနဲ့ ကောင်းစွာမလိုက်ဘက်တဲ့ ပြဿနာတစ်ရပ်နဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အရီဇိုးနားဆိုက်မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက “ကြာရှည်လွန်းတဲ့အလုပ်ချိန်နဲ့ အကြိမ်ရေများလွန်းတဲ့ အစည်းအဝေး” တွေအကြောင်းကို ပို့စ်တင်ပြီး ညည်းညူထားတာကို တွေ့ရပါတယ်။ သူကတော့ “လွန်လွန်ကဲကဲတွေ” လို့ ကင်ပွန်းတပ်ထားတာပါ။ “အစည်းအဝေးတွေက တစ်နေ့ကို သုံးနာရီလောက်အသာလေးကြာတယ်။ အလုပ်လုပ်ချိန်အတော်များများပဲ” လို့ ရေးသားထားတာပါ။

ပို့စ်တင်သူဟာ TSMC မှာ တာဝန်ထမ်းဆောင်တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ကုမ္ပဏီအနေနဲ့ သူ့ရဲ့လုပ်သားအင်အားကို ပိုပြီးများလာစေသင့်ကြောင်း၊ အင်ဂျင်နီယာတွေကို ၁၂ နာရီအဆိုင်းနဲ့ မခိုင်းစေသင့်ကြောင်း၊ ဒါမှမဟုတ် ဖုန်းခေါ်ဆိုခြင်းတွေ မပြုလုပ်စေသင့်ကြောင်း အကြံပြုရေးသားထားပါတယ်။ ဒါတင်မကပါဘူး ပိတ်ရက်တွေမှာလည်း အရေးပေါ်ဖုန်းခေါ်ဆိုမှုပြဿနာတွေကို ဖြေရှင်းကိုင်တွယ်ဖို့လိုအပ်ကြောင်းလည်း ထည့်သွင်းရေးသားထားပါသေးတယ်။

TSMC အနေနဲ့ Intel က အလုပ်သမားတွေကိုဆွဲဆောင်ဖို့မျှော်လင့်ထားတယ်ဆိုရင် အပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်ကြောင်းလည်း သတိပေးထားပါသေးတယ်။ EETimes က အမည်မဖော်လိုတဲ့ ထိုင်ဝမ်အင်ဂျင်နီယာတွေနဲ့ မေးမြန်းထားရာမှာ ထိုင်ဝမ်မှာ ဝန်ထမ်းတွေအတွက်အလုပ်ခွင်ဘဝဟန်ချက်ညီမှု တိုးတက်လာပေမဲ့ အမေရိကန်မှာမြင်တွေ့ရတဲ့အဆင့်မှာ မရှိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Phone Arena