Twitter ဟာ TikTok ကို ဝယ်ယူဖို့ ဟိုးအရင်ကတည်းက ဆွေးနွေးခဲ့ဖူးတယ်လို့ The Wall Street Journal က ပြောပါတယ်။ WSJ က အဲဒီလို ဝယ်ယူဖို့ ဆွေးနွေးရာမှာ အခက်အခဲများစွာရှိခဲ့နိုင်တယ်လို့ သုံးသပ်ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က TikTok ကို အမေရိကန်မှာ ပိတ်ပင်မယ်လို့ ဒီလ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ထရမ့်ရဲ့ အမိန့်ဟာ ၄၅ ရက်အတွင်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

ထရမ့် အစိုးရက တရုတ်ပိုင်တဲ့ TikTok ဟာ နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်နိုင်တယ်လို့ သုံးသပ်ပေမယ့် TikTok ဟာ အမေရိကန်တွေရဲ့ ဒေတာတွေကို တရုတ် အစိုးရကို ခိုးပေးနေတဲ့ သက်သေ အထောက်အထားတွေကို မတွေ့ရသေးပါဘူး။ TikTok က ထရမ့် အစိုးရကို တရားစွဲဖို့ စီစဉ်နေတယ်လို့ ပြောထားပါတယ်။

သိပ်မကြာခင်ကပဲ Microsoft ဟာ TikTok ကို ဝယ်ယူဖို့ စကားပြောနေတယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။ WSJ က Microsoft ဟာ TikTok ကို ဝယ်ယူဖို့ ရှေ့ဆုံးက ပြေးနေပြီး Twitter ကတော့ ရေရှည်မှာ သိမ်းပိုက်ဖို့ ကြံစည်နေတယ်လို့ သုံးသပ်ပါတယ်။ Twitter ဟာ Microsoft ထက် သေးငယ်သလို လူမှုကွန်ရက် ဖြစ်တဲ့အတွက် လူတွေရဲ့ ယုံကြည်မှုဟာ Microsoft ထက် နည်းနိုင်ပါတယ်။ ဒါ့အပြင် Twitter ဟာ TikTok ကို ဝယ်ယူဖို့ ငွေများများပြားပြား မရှိပါဘူး။

Microsoft က စီအီးအို Satya Nadella ဟာ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်က TikTok လုပ်ငန်းတွေကို ဝယ်ယူဖို့ ထရမ့်နဲ့ ဆွေးနွေးပြီးပြီလို့ ၂ ရက်နေ့က သတင်းပေးထားပါတယ်။ Microsoft က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဒီသတင်းကို ကြေညာမယ်လို့ ပြောပါတယ်။

Ref : theverge