Elon Musk ဟာ Twitter ကို ဝယ်ယူအပြီးမှာ ပြောင်းလဲမှုအများအပြားကို အချိန်တိုအတွင်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ စစခြင်းမှာ Twitter ရဲ့ CEO အပါအဝင် ထိပ်တန်းဦးဆောင်သူတွေကို အလုပ်ကနေ ထုတ်ပယ်ခဲ့သလို မကြာသေးခင်တုန်းကလည်း Twitter ရဲ့ ဝန်ထမ်းထက်ဝက်နီးပါးဖြစ်တဲ့ အယောက် ၃၇၀၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။

အခုလိုမျိုး Twitter ကနေ ဝန်ထမ်းတွေအမြောက်အများကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး အခုအချိန်မှာတော့ တချို့သော ဝန်ထမ်းတွေကို ပြန်လည်အလုပ်လာဆင်းပေးဖို့ ခေါ်ယူနေပါတယ်။ အဆိုပါသတင်းကို Bloomberg Media ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Twitter ရဲ့ တရားဝင်ပြောကြားချက်အရတော့ မှားယွင်းထုတ်ပယ်မိတဲ့အတွက် အခုလိုမျိုး ပြန်လည်ခေါ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

ထပ်မံသိရတဲ့သတင်းတွေအရ အခုလိုမျိုး ပြန်လည်ခေါ်ယူမှုတွေပြုလုပ်နေရတာဟာ လက်ရှိ Twitter မှာ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ပုံမှန်အတိုင်း လုပ်ငန်းဆောင်ရွက်မှုတွေမှာ အခက်အခဲတွေ ကြုံတွေ့ရတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပြန်လည်ခေါ်ယူချင်တဲ့သူတွေကို လက်ရှိကျန်ရှိနေတဲ့ ဝန်ထမ်းတွေဆီကနေ စစ်တမ်းကောက်ယူမှုတွေလည်းပြုလုပ်ပြီး ခေါ်ယူနေတာဖြစ်ပါတယ်။

Elon Musk ဟာ လက်ရှိအချိန်မှာ Verification Checkmark ပါဝင်တဲ့ Twitter Blue Subscription ကို တစ်လကို $8 နဲ့ ရောင်းချဖို့ကိုပဲ အဓိကဦးစားပေးဆောင်ရွက်နေတာဖြစ်ပြီး နောက်ပိုင်းမှာ စာအရှည်တွေကို Tweet မှာ ထည့်သွင်းနိုင်ဖို့နဲ့ TweetDeck Version အသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး ကတိပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဌာနမှာရှိတဲ့ ဝန်ထမ်းတွေ အကုန်လုံးနီးပါးဟာ အလုပ်ကနေ အထုတ်ခံလိုက်ရတဲ့အတွက် ဘယ်လိုမျိုး ဆောင်ရွက်ပေးမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Bloomberg