လက်ရှိ Tesla ကုမ္ပဏီအပြင် SpaceX ၊ Starlink နဲ့တခြားသော ကုမ္ပဏီတွေကို တည်ထောင်ခဲ့တဲ့ Elon Musk ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Twitter ကို ဝယ်ယူသွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Elon Musk ဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလီယံပေးပြီး ဝယ်ယူမယ့်ကိစ္စကို ရပ်ဆိုင်းလိုက်ချင်ပြီဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Twitter ဝယ်ယူမှုကို နောက်ဆုတ်ဖို့ ကြိုးစားနေတဲ့ Elon Musk ကို Twitter ကုမ္ပဏီဘက်မှ တာဝန်ရှိသူတွေကနေ စာချူပ်ချိုးဖောက်မှုတွေကြောင့် ပြန်လည် တရားစွဲဆိုသွားဖို့ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကတော့ လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Twitter ကုမ္ပဏီဟာ ယခု Elon Musk နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ကိုယ်ပိုင် Twitter Account မှာ Tweet ပြုလုပ်တာမျိုး သို့မဟုတ် Slack လိုမျိုး Communication App တွေကနေ ထုတ်ဖော်ပြောကြားတာမျိုးကို မပြုလုပ်ဖို့ ဝန်ထမ်းတွေကို အမိန့်ထုတ်ပြီး တားမြစ်နေတယ်လို့ သိရပါတယ်။

အသေးစိတ်အနေနဲ့ကတော့ Twitter ရဲ့ General Counsel တစ်ဦးဖြစ်တဲ့ Sean Edgett ကိုယ်တိုင် ကုမ္ပဏီဝန်ထမ်းတွေဆီကို စာထုတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Twitter အနေနဲ့ Elon Musk ကို တရားစွဲဆိုမှုတွေပြုလုပ်နေတဲ့အတွက် အခုလိုမျိုး ဝယ်ယူမှုနဲ့ပတ်သတ်ပြီး ကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော်ရေးသားခြင်းမပြုလုပ်ဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ယခုတားမြစ်ချက်ကို ရုတ်သိမ်းပေးသွားမလဲဆိုတာကိုလည်း ပြန်လည်အသိပေးသွားမယ်ဆိုပြီး ပါဝင်ခဲ့ပါတယ်။

Ref – The Verge