ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ဝယ်ယူဖို့ သဘောတူညီချက်ထားခဲ့ပေမဲ့ ဒါကိုပယ်ဖျက်ဖို့ကြိုးစားတာကြောင့် Elon Musk ကို Twitter က တရားစွဲလိုမှုနဲ့ပတ်သက်ပြီး Delaware Court of Chancery ရုံးချိန်းအဖြစ် တိကျတဲ့ရက်ချိန်းတစ်ခု ထွက်ပေါ်လာပါပြီ။

ပြီးခဲ့တဲ့ရက်သတ္တပတ်အစောပိုင်းတုန်းက Musk ရဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်နေ့မှာ တရားရင်ဆိုင်မှု စတင်ဖို့အဆိုပြုခဲ့ပြီး၊ Twitter ကလည်း တရားရင်ဆိုင်မှုကို ၅ ရက်အတွင်း အပြီးသတ်နိုင်ဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် တရားသူကြီး Kathaleen McCormick က ရုံးချိန်းကို အောက်တိုဘာလ ၁၇ ရက်ကနေ အောက်တိုဘာလ ၂၁ ရက်အထိ တရားဝင် အချိန်ဇယား ထုတ်ပြန်ပေးလိုက်ပါတယ်။

ကနဦးတုန်းက Musk ရဲ့ ရှေ့နေတွေဟာ ၂၀၂၃ ခုနှစ်ထဲမှာမှ တရားရင်ဆိုင်ဖို့လိုလားပြီး Twitter ဘက်ကတော့ စက်တင်ဘာလထဲမှာ ရင်ဆိုင်လိုတာကြောင့် နှစ်ဖက်ရှေ့နေတွေအကြား ငြင်းခုံမှုဖြစ်ခဲ့ကြပါတယ်။ အခုတော့ အားလုံးသဘောတူညီနိုင်တဲ့ အချိန်အဖြစ်ရွေးချယ်သတ်မှတ်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အကယ်၍ Twitter မှာ Bot activity ဘယ်လောက်ရှိနေတယ် ဆိုတာနဲ့ Firehose data access အတွက် အဖြေရှိရင်တော့ အရောင်းအဝယ်ကိစ္စ လွယ်ကူသွားမယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ ကုမ္ပဏီကတော့ ပြီးခဲ့တဲ့နှစ်တွေထက် နိမ့်ကျသွားတဲ့ ၂၀၂၂ ဒုတိယသုံးလပတ်ဝင်ငွေအတွက် Musk ကို ပြစ်တင်ပြောဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Twitter နဲ့ Musk တို့ရဲ့ပွဲက လွယ်လွယ်နဲ့ ပြီးဆုံးသွားမဲ့ပုံစံ မမြင်ရသေးပါဘူး။ လာမဲ့ ရုံးချိန်းရက်တွေမှာ ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုရလဒ်တွေထွက်လာမယ်ဆိုတာ စောင့်ကြည့်ပြီးမှ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

Ref: The Verge