အလိုအလျောက် မောင်းနှင်တဲ့ကား (Self-Driving Cars) တွေဘဲ တီထွင်နေကြတယ်။ ကားပျံတွေရော မေ့နေပြီလား။

သွားလာရေး ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uber က အမေရိကန်ပြည်ထောင်စု Dallas မြို့နဲ့ ဒူဘိုင်းမြို့တို့နဲ့ ပူးပေါင်းကာ ဒီစိတ်ကူးကို ဖြစ်အောင်အကောင်အထည်ဖော်မယ်လို့ ဧပြီလ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

“တစ်နာရီလောက် မြေပြင်ကားထဲမှာ အချိန်မဖြုန်းရဘဲ၊ မနက် မိုးလင်း အိပ်ယာကထပြီး ရုံးသွားဖို့ အချိန် ၆ မိနစ်ဘဲ ကြာမယ့် ကားလေယာဉ်ကို စီးနိုင်မယ့် အချိန်ကို တွေးကြည့်လိုက်ပါ”လို့ Uber ကုမ္ပဏီရဲ့ ထုတ်လုပ်မှုဆိုင်ရာ အရာရှိချုပ် ဂျက်ဖ် ဟော်ဒန် (Jeff Holden) က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Dallas မြို့မှာ ကျင်းပတဲ့ Elevate Summit ဆိုတဲ့ ပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ကားပျံတွေ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လေယာဉ်ပျံ နည်းပညာ ကျွမ်းကျင်သူ၊ ထုတ်လုပ်ရေး ကျွမ်းကျင်သူတွေနဲ့ ၃ ရက်တာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကားပျံတွေကို ၂၀၂၀ ခုနှစ်မှာ Uber ကုမ္ပဏီက စမ်းသပ် မောင်းနှင်ပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

“ဒူဘိုင်းမြို့နဲ့ Dallas မြို့တို့မှာ စမ်းသပ်မောင်းနှင်သွားမှာပါ”လို့ မစ္စတာ ဟိုဒမ် (Holden)ကပြောပါတယ်။