လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ Samsung ကနေ Foldable စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold 3 နဲ့ Galaxy Z Flip 3 ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။ အဆိုပါ Galaxy Foldable စမတ်ဖုန်းအသစ်တွေဟာ Samsung ရဲ့ Ultra-thin Glass ကိုပဲ အသုံးပြုထားမှာဖြစ်သလို Under-Display Camera ကိုလည်း ပထမဆုံးအနေနဲ့အသုံးပြုထားတဲ့ Samsung ဖုန်းတွေဖြစ်လာမှာပါ။

ဒါပေမယ့်လည်း Samsung Galaxy Foldable ဖုန်းတွေဟာ ဒီနှစ်အတွက် တစ်ခုတည်းသော Foldable ဖုန်းတွေမဟုတ်ဘဲ နောက်ထပ် Foldable ဖုန်းတွေအများအပြားကိုလည်း မိတ်ဆက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Korea သတင်းဌာနတစ်ခုဖြစ်တဲ့ The Elec ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အရင်ဆုံးကတော့ Honor ရဲ့ Magic Fold နာမည်နဲ့ Foldable စမတ်ဖုန်းဖြစ်ပြီး Display အနေနဲ့ကတော့ BOE ကနေ ထုတ်လုပ်ထားတဲ့ 8.03″ Ultra-thin Glass ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အပြင်ဘက် Display အနေနဲ့ကတော့ 6.45″ ရှိမယ်လို့ သိရပါတယ်။


ပြီးရင် Xiaomi ရဲ့ လက်ရှိ Mi Mix Fold ရဲ့ မျိုးဆက်သစ်ဖုန်းထွက်ရှိလာမှာဖြစ်ပြီး Samsung ကနေ ထုတ်လုပ်ပေးထားတဲ့ 8.01″ UTG Display ကို အသုံးပြုမှာဖြစ်ပါတယ်။ အပြင်ဘက် Display ကိုတော့ CSOT ကနေ ထုတ်လုပ်ထားတဲ့ 6.52″ Display ပါဝင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ OPPO နဲ့ Vivo တို့ကလည်း ယခုနှစ်ကုန်ပိုင်းမှာ Foldable ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီးတော့ Vivo ဟာဆိုရင် 8″ UTG Display နဲ့ အပြင်ဘက် Display ကို 6.5″ Display တစ်ခုထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ OPPO က ထုတ်လုပ်မယ့် Foldable စမတ်ဖုန်းကတော့ 7.1″ Primary Display နဲ့ 5.45″ External Display ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီ OPPO နဲ့ Vivo Foldable ဖုန်းတွေမှာ အသုံးပြုလာမယ့် UTG Display ကိုတော့ ဘယ်ကုမ္ပဏီက ထောက်ပံ့ပေးမလဲဆိုတာ အတိအကျမသိရှိရသေးပါဘူး။

Google ကလည်း ယခုနှစ်ကုန် သို့မဟုတ် လာမယ့်နှစ်အတွင်းမှာ Foldable စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမှာဖြစ်ပြီး 7.6″ Primary UTG Display ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အပြင်ဘက် Display ပါဝင်လာမလားဆိုတာကို မသိရှိရသေးတဲ့အပြင် ဘယ်လိုမျိုး Design ရှိလာမလဲဆိုတာကိုလည်း မသိရှိရသေးပါဘူး။

Ref – Android Authority