ဒီ ၁ ပတ်ထဲမှာ United လေကြောင်းလိုင်းဟာ သမိုင်းမှတ်တိုင် ၁ ခု စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပါးပြီး ရေရှည်တည်တန့်တဲ့ လောင်စာဆီ ၁ မျိုးနဲ့ ပထမဆုံး အကြိမ် ခရီးသည်တင်  လေယာဉ်ကို ပြေးဆွဲနိုင်ခဲ့တာပါ။ ချီကာဂိုကနေ ဝါရှင်တန် ဒီစီကို ပျံသန်းခဲ့တာ ဖြစ်ပြီး အသုံးပြုထားတာက “Substainable Aviation Fuel “ or SAF ဖြစ်ပါတယ်။

Boeing 737 MAX 8 လေယာဉ်မှာ ခရီးသည် ၁၀၀ လိုက်ပါပြီး ဟင်းချက်ဆီ၊ အဆီနဲ့ ချောဆီတွေနဲ့ ဖန်တီးထားတဲ့ လောင်စာဆီ ၅၀၀ ဂါလန်နဲ့ ပျံသန်းခဲ့တာပါ။ အဲဒီ လောင်စာဆီကို World Energy ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပြီး United က သမားရိုးကျ လောင်စာဆီတွေထက် ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်မှုဟာ ၈၀ ရာခိုင်နှုန်း နည်းပါးတယ်လို့ ပြောပါတယ်။

လေယာဉ်များစွာဟာ SAF နဲ့ သမားရိုးကျ ဂျက် လေယာဉ်ဆီကို ရောစပ်ကာ အသုံးပြုနေကြပြီး လက်ရှိ စည်းမျဉ်းတွေအရ အများဆုံး ၅၀-၅၀ ရာခိုင်နှုန်းစီပဲ ရောစပ်ခွင့်ပေးထားပါတယ်။ United ရဲ့ အခု သရုပ်ပြ ခရီးစဉ်က SAF ကို ၁၀၀ ရာခိုင်နှုန်း အသုံးပြု မောင်းနှင်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပါ။ လေယာဉ်ရဲ့ အင်ဂျင် ၁ လုံးအတွက် SAF နဲ့ နောက်အင်ဂျင် ၁ လုံးအတွက် ဂျက် လေယာဉ်ဆီကို ထည့်သွင်းပေးထားပေမယ့် ဂျက် လေယာဉ်ဆီကို လုံးဝ မသုံးဘဲ အခုခရီးစဉ်ကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက Eco-Skies Alliance စီမံကိန်းကနေ ဒီနှစ်ထဲမှာ SAF ဂါလန် ၇ သန်းကျော် ဝယ်ယူမယ်လို့ ပြောပါတယ်။

United CEO Scott Kirby က “ ကုမ္ပဏီရဲ့ အခု ပျံသန်းမှုဟာ လေကြောင်းပို့ဆောင်ရေး နယ်ပယ်မှာ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် လျှော့ချနိုင်ရေးအတွက် အောင်မြင်မှုကို ပြသနိုင်တာသာမကဘဲ လောင်စာဆီ အသစ်တွေကို ထုတ်လုပ်ဖို့၊ ဝယ်ယူဖို့အတွက် လှုံ့ဆော်မှုလည်း ဖြစ်ပါတယ်။ တခြား ကုမ္ပဏီတွေလည်း ဒီလို လုပ်ဆောင်မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာကို အများကြီး သက်သာစေမှာပါ။ “ လို့ ပြောပါတယ်။

Ref : gizmodo