ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာစီးပွားရေးလည်ပတ်မှုတွေ တုံ့ဆိုင်းခဲ့ပြီး၊ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ကြိုးစားရဦးမယ့်အခြေအနေဖြစ်ပေမယ့် Huawei နဲ့ အမေရိကန်တို့ရဲ့ ပြဿနာကတော့ ဆက်ပြီး လောင်မြိုက်နေတုန်း ဖြစ်ပါတယ်။ အခုလည်း ထရမ့်အစိုးရက Huawei အပေါ် ကန့်သတ်မှုအသစ်တွေ ထပ်လုပ်ဖို့ ပြင်ဆင်နေပြန်ပါတယ်။

သတင်းတွေအရတော့ ထရမ့်အစိုးရဟာ Huawei ကို ကမ္ဘာလုံးဆိုင်ရာ Chip ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ကန့်သတ်သွားဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ Chip ပြုလုပ်တဲ့ ပစ္စည်းကိရိယာအသုံးပြုတဲ့ ပြည်ပကုမ္ပဏီတွေဟာ Huawei ဆီ Chip တွေမတင်ပို့ခင်မှာ လိုင်စင်ရယူဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အေဂျင်စီတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် နိုင်ငံခြားတိုက်ရိုက် ကုန်ပစ္စည်းစည်းမျဉ်းအရ ပြောင်းလဲဖို့ သဘောတူညီခဲ့ပြီးနောက် ချမှတ်ခဲ့တာပါ။ အမေရိကန် နည်းပညာ၊ ဒါမှမဟုတ် Software ကိုအခြေခံတဲ့ ကုန်ပစ္စည်းတွေကို အဓိကထားပြီး ကန့်သတ်တာလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ မူလကတည်းက Huawei ကို နာမည်ပျက်စာရင်းသွင်းထားပြီး တရုတ်ကုမ္ပဏီဆီ တင်သွင်းတဲ့ကုမ္ပဏီအရေအတွက်ကိုလည်း ကန့်သတ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခုအစီအစဉ်ဟာ TSMC က Huawei ကို Chip တွေထောက်ပံ့ပေးနေတာကို တားဆီးဖို့ ရည်ရွယ်တယ်လို့ ယူဆရပါတယ်။

အကယ်၍သာ ဒီအစီအစဉ်အထမြောက်ခဲ့မယ်ဆိုရင်တော့ TSMC ရော Huawei ပါ အခက်အခဲအချို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း အမေရိကန်အခြေစိုက်ကုမ္ပဏီတွေက ထရမ့်အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ ဒေသတွင်းကုမ္ပဏီတွေကို ပိုမိုနာကျင်စေပြီး၊ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကိုလည်း အားနည်းစေတယ်လို့ ထောက်ပြဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina