ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) ၏ ခွင့်ပြုမှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် နိုင်ငံတကာ NGO အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ဖြင့် ရေရှည် လက်တွဲပူးပေါင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါအဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် နည်းပညာပိုင်း၊ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းနှင့် ကျွမ်းကျင်ပညာရှင်များကို ပံ့ပိုးကူညီပေးသွားမည်။

ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင်တည်ရှိပြီး မြန်မာနိုင်ငံတွင် အစောဆုံးစတင်ဖွင့်လှစ်ခဲ့သည့် ဧရာဝတီဖောင်ဒေးရှင်းကိုဗစ်ကုသရေးစင်တာသို့ အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် လာရောက်လည်ပတ်ခဲ့ပြီး အသစ်ဖွင့်လှစ်တော့မည့် ICU/HDU unit – ဧရာဝတီစင်တာ (C)အား ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုတို့ကို လေ့လာကြည့်ရှုခဲ့ကြသည်။

လာရောက်လေ့လာကြသော ပညာရှင်များနှင့် တာဝန်ရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ခံ ဆရာဝန်ကြီးများနှင့် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ လက်ခံတွေ့ဆုံခဲ့ပြီး ဧရာဝတီစင်တာ၏ လည်ပတ်နေပုံအဆင့်ဆင့်ကို အသေးစိတ်လိုက်လံရှင်းပြခဲ့ပါသည်။ ထို့နောက် ဧရာဝတီစင်တာ၏ ရောဂါကုသရေး နှင့် COVID-19 ရောဂါပိုးစစ်ဆေးမှုအပိုင်းတို့အား အရှိန်အဟုတ်မြှင့်တင်ရန်နှင့် COVID-19 ကပ်ရောဂါ၏ ဒုတိယလှိုင်းတွင် ရောဂါပျံ့ပွားမှုကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက်ရည်ရှည်လက်တွဲပူးပေါင်းမှုများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုတွင် ICU/HDU Critical Care unit ရှိ ဆေးဘက်ဆိုင်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအား အထောက်အပံ့ပေးရန် ပံ့ပိုးကူညီမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး UNOPS မှ တာဝန်ရှိသူများက ဧရာဝတီစင်တာမှ လိုအပ်သော သင်တန်းပို့ချမှုများနှင့် ကုသရေးအတွက် ပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုတွေ့ဆုံမှု မတိုင်ခင် Max Myanmar Group ၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်သည် အောက်တိုဘာလ (၃) ရက်နေ့တွင် UNOPS နှင့် WHO မှ ပညာရှင်များနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးကာ COVID-19 ဗိုင်းရပ်စ် ကုသရေးအတွက် အကောင်းဆုံးဖြစ်မည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ WHO မှ ICU တွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ဆရာဝန်၊ သူနာပြုများနှင့် မေ့ဆေးပညာ၊ ဓါတ်ခွဲခန်းပညာရပ်များအတွက် အွန်လိုင်းသင်တန်းများပို့ချမှုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ UNOPS မှ procurement, logistics, infrastructure ပိုင်းများတွင် ပါဝင်အားဖြည့်ကူညီကာ နိုင်ငံတကာမှ အလှူရှင်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ICRC မှ ICU ကျွမ်းကျင်ပညာရှင်နှင့် ကျန်းမာရေးဝန်ထမ်းများကို ပံ့ပိုးကူညီပေးသွားမည်ကြောင်း အသီးသီးပြောကြားခဲ့ကြသည်။

“ဧရာဝတီစင်တာဟာ ဧရာဝတီဖောင်ဒေးရှင်းနဲ့ Max Myanmar တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တစ်ခုတည်းကြောင့်သာမဟုတ်ဘဲ မြန်မာပြည်သူလူထုကိုကူညီရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ လိုအပ်သော စီမံညွှန်ကြားချက်တွေနဲ့ ပံ့ပိုးကူညီမှုတွေရဲ့ စုပေါင်းအားထုတ်မှုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာစံချိန်စံညွှန်းအမီ ကုသမှုတွေ ပေးနိုင်ဖို့အတွက် UNOPS, WHO တို့နဲ့ လက်တွဲကာ COVID-19 ကပ်ရောဂါပိုးကို မြန်မာနိုင်ငံကနေ တိုက်ထုတ်ပေးသွားဖို့ ပြည်သူတွေနှင့်အတူ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ဦးဇော်ဇော်မှ ပြောကြားခဲ့ပါသည်။

ဧရာဝတီစင်တာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ COVID-19 ရောဂါကူးစက်ခံနေရသည့် လူနာများကို ယာယီကုသမှုပေးနိုင်ရန် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ကနဦးပိုင်းတွင် (၄၂၅) ခုတင်ဆန့်သော ကုသရေးစင်တာကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် (၅၇၅) ခုတင်အထိ တိုးချဲ့နိုင်ခဲ့၍ အောက်တိုဘာလ (၃) ရက်နေ့တွင်တော့ (၈၇၅) ခုတင်ကုသရေးစင်တာအဖြစ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ မကြာမီအချိန်တွင်လည်း (၇၅) ခုတင်ဆန့် ICU/HDU Critical Care Unit ကိုလည်းထပ်မံဖွင့်လှစ်နိုင်တော့မည်ဖြစ်ပါသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ဧရာဝတီစင်တာမှ တဆင့် နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လုပ်အားပေးများဖြင့် စုပေါင်းကာ မြန်မာနိုင်ငံအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွင် ၎င်းတို့၏ အသိပညာများနှင့် ကျွမ်းကျင်မှုများကို အသုံးချနိုင်မည့် အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဓိကအားဖြင့် ICU/HDU များအတွက် အထူးလေ့ကျင့်ထားသည့် အတွေ့အကြုံရင့် ဝန်ထမ်းများ ထားရှိတာဝန်ပေးရန် လုပ်ဆောင်နေပြီး ဖောင်ဒေးရှင်းအနေနှင့် နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးအတွက် အကူအညီပေးလိုသော ပါတနာအဖွဲ့အစည်းများနှင့် အခြားသော နိုင်ငံတကာမှ ကျွမ်းကျင်လုပ်အားပေးအဖွဲ့များကို ကြိုဆိုလျက်ရှိပါသည်။

လာရောက်လေ့လာသော UNOPS, WHO နှင့် ICRC တို့မှ တာဝန်ရှိသူများ
• Mr. Andrew Kirkook, UNOPS
• Mr. Laurent, UNOPS
• Mr. Oscar Marenko Ruiz, UNOPS
• Ms. Hlaing Yin Win, UNOPS
• Dr. Fabio Maldas De Mesquita, WHO နှင့်
• ICRC အဖွဲ့မှ တာဝန်ရှိသူ (၂) ဦးတို့ဖြစ်ပါသည်။

Source – Max Myanmar Group & Ayeyarwady Foundation