Apple က ပြီးခဲ့တဲ့နှစ်မှာ Dynamic Island ကို iPhone 14 Pro နဲ့ Pro Max မှာ ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ နည်းပညာ လောကမှာ လူပြောများခဲ့ပါတယ်။ Xiaomi က အဲဒီလုပ်ဆောင်ချက်ကို Xiaomi 13 Lite မှာ ပထမဆုံး ထည့်သွင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ realme ကလည်း အဲဒီ လမ်းစဉ်ကိုလိုက်တော့မှာပါ။

နာမည်ကြီး Tipster Steve Hemmerstoffer (OnLeaks) က Dynamic Island ပါတဲ့ realme ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။ Dynamic Island ရဲ့ ဘယ်ဘက်မှာ SuperVOOC စာသားနဲ့ ညာဘက်မှာ ဘက်ထရီ ရာခိုင်နှုန်းကို ဖော်ပြထားပါတယ်။ ဓါတ်ပုံမှာ realme UI 4.0 ပါမယ်လို့ About Device Page မှာ ပြသထားပါတယ်။ အဲဒီဖုန်း အမည်ကို မသိရသေးပေမယ့် realme ဒုတိယ ဥက္ကဌ Madhav Sheth က Dynamic Island ပါတဲ့ ဖုန်း ၁ လုံး ဖန်တီးနေတာကို တွစ်တာမှာ အတည်ပြုထားပါတယ်။

Sheth က Dynamic Island ကို realme Mini Capsule လို့ အမည်ပေးထားတာကိုလည်း အတည်ပြုထားပါတယ်။ သူက အဲဒီလုပ်ဆောင်ချက်ကို C Series ဖုန်းမှာ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းဟာ realme C35 ရဲ့ မျိုးဆက်ဖြစ်နိုင်ပြီး realme C55 ဖြစ်နိုင်ပါတယ်။ realme C55 ကို အာဏာပိုင် အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီး 4,880mAh ဘက်ထရီနဲ့ 33W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

realme C Series ဖုန်းတွေဟာ တန်ဖိုးနည်းပြီး ရူပီး ၁၂,၀၀၀ အောက်ပဲ ရှိကြပါတယ်။ Apple ရဲ့ Dynamic Island ကို တန်ဖိုးနည်း ဖုန်းမှာ တွေ့မြင်ရမှာက စိတ်ဝင်စားစရာကောင်းပါတယ်။ realme Mini Capsule ဟာ Apple Dynamic Island ကို ကောင်းကောင်း ယှဉ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina