အမေရိကန်ဟာ Huawei ကို အမျိုးသားလုံခြုံရေးအရ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး Google အပါအဝင် US ထောက်ပံ့ရေးကွင်းဆက်ကို ဝင်ရောက်ခွင့်မပြုတဲ့ အဖွဲ့အစည်းစာရင်းမှာ ထည့်သွင်းထားတာကို ရုတ်သိမ်းဖို့မရှိဘဲ ထပ်ပြီးတော့ပဲ တိုးချဲ့လာတာကို တွေ့မြင်ရပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် Huawei ဟာ Samsung ကိုကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူဖြစ်လာမဲ့ ပန်းတိုင်ကို ရွှေ့ဆိုင်းလိုက်ရပါတော့တယ်။ သူ့ရဲ့ ကိုယ်ပိုင် HarmonyOS နဲ့ ပြည်တွင်းဈေးကွက်မှာ ခရီးဆက်နေပြီး Qualcomm Snapdragon Chip တွေရဲ့ 4G သီးသန့်ဗားရှင်းတွေကိုပဲ သုံးစွဲနေရတာလည်း ဖြစ်ပါတယ်။

တရုတ်ထုတ်လုပ်သူဟာ ကန့်သတ်ချက်တွေကြားထဲကနေပဲ ဆန်းသစ်တီထွင်မှုရှိပြီး ကောင်းမွန်တဲ့ Mate 50 Pro ကို ထုတ်လုပ်ခဲ့ပါသေးတယ်။ Mate 50 Pro နဲ့အတူ ဖုန်းကို 5G ကွန်ရက်တွေမှာ Run နိုင်တဲ့ Case ကိုလည်း ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီဖြေရှင်းချက်က အနာဂတ် Huawei ဟန်းဆက်တွေအတွက် မဖြစ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ဘိုင်ဒင်အုပ်ချုပ်ရေးဟာ Huawei ဆီကို အမေရိကန်ကုမ္ပဏီတွေ တင်ပို့ရောင်းချမဲ့ ပို့ကုန်ခွင့်ပြုချက်ကို ရပ်ဆိုင်းလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါဟာ Huawei အတွက် နောက်ဆုံးထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။ တရုတ်ထုတ်လုပ်သူဟာ Qualcomm ဆီကနေ 4G Snapdragon chipset တွေကိုတောင် လက်ခံရရှိနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ 4G အစိတ်အပိုင်းတွေ၊ Wi-Fi 6 နဲ့ 7, AI နဲ့ စွမ်းဆောင်ရည်မြင့် Computing, Cloud items တွေကိုပါ ပိတ်ပင်ဖို့ ကြိုးစားနေတယ်လို့ တရုတ်က စွပ်စွဲထားပါတယ်။

Huawei ဟာ Silicon wafers တွေပေါ်မှာ အလွန်ပါးလွှာတဲ့ ဆားကစ်ပုံစံတွေကို ပြုလုပ်ဖို့အတွက်အသုံးပြုတဲ့ ခရမ်းလွန်ရောင်ခြည်သုံးစက် (EUV) အတွက် ပြုလုပ်ထားတဲ့ အစိတ်အပိုင်းဆိုင်ရာ မူပိုင်ခွင့်ကို လျှောက်ထားခဲ့ပါတယ်။ သန်းပေါင်းများစွာသော ထရန်စ္စတာတွေအတွက် EUV စက်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီစက်တွေကို ထုတ်လုပ်တဲ့ ဒတ်ချ်ကုမ္ပဏီကလည်း တရုတ်နဲ့ကုန်သွယ်ခွင့်ကို တားမြစ်ခံခဲ့ရပါတယ်။ တားမြစ်တာကတော့ နယ်သာလန်အစိုးရကပဲ ဖြစ်ပါတယ်။

Huawei အနေနဲ့ အရာရာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ကြိုးစားနိုင်ပါတယ်။ တစ်ချိန်မှာလည်း OS ကအစ လိုအပ်တဲ့ Hardware အစိတ်အပိုင်းအားလုံးကို ကိုယ်တိုင် ထုတ်လုပ်နိုင်မှာလည်း သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ နေ့ချင်း၊ ညချင်းတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီအတွက် ရုန်းကန်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena