အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံမှာ TikTok နဲ့ WeChat အသုံးပြုခြင်းကို လာမယ့် တနင်္ဂနွေကနေ စပြီး ပိတ်ပင်သွားမှာပါ။ အစမှာတော့ TikTok အသုံးပြုသူတွေက App ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လုပ်လို့ရနေမှာ ဖြစ်ပေမယ့် Update အသစ်တွေကို ဘာတစ်ခုမှ ထပ်လက်ခံရရှိမှာ မဟုတ်ပါဘူး။ အခုမှ စပြီး အသုံးပြုမယ့်သူတွေ အတွက်ကတော့ App ကိုတောင် Download လုပ်ဖို့ ရှာလို့ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

WeChat ရင်ဆိုင်ရတဲ့ ပိတ်ပင်မှုက ပိုပြီး ပြင်းထန်ပါတယ်။ WeChat ကနေ အင်တာနက် အချက်အလက်တွေ စီးဆင်းတာ ဒါမှ မဟုတ် App ထဲက Code နဲ့ Service တစ်ခုခုကို အသုံးပြုတာ (ဒီထဲမှာ ငွေလွှဲတာနဲ့ ငွေပေးချေတာအထိ ပါဝင်) တွေ အကုန်လုံးက တရားမဝင်ကြောင်း စည်းကမ်းအသစ်တွေ ထုတ်ပြန်လိုက်တာပါ။

တကယ်လို့ TikTok ရဲ့ ဖန်တီးရှင် ByteDance ကသာ App ကို အမေရိကန်နိုင်ငံ အတွင်းမှာ ကိုယ်ပိုင်လည်ပတ်ဖို့ အမေရိကန် အခြေစိုက် ကုမ္ပဏီ တစ်ခုခုနဲ့ သဘောတူညီမှု မပြုလုပ်ဘူးဆိုရင် TikTok အတွက်လည်း အထက်ပါ စည်းကမ်းချက်တွေကို နိုဝင်ဘာလ ၁၂ ရက်ကနေ စတင်ထည့်သွင်းသွားမှာပါ။

Oracle က TikTok ကိုဝယ်ယူဖို့ ကြိုးစားရမှာ Microsoft ကို ကျော်ခဲ့နိုင်ပြီဆိုပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက CGTV (တရုတ် အခြေစိုက် အင်္ဂလိပ်ဘာသာ ရုပ်သံဌာန) က ထုတ်ပြန်ချက်အရ ByteDance က TikTok ကို အမေရိကန် ကုမ္ပဏီကို ရောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ အိမ်ဖြုတော်ရဲ့ အတွင်းသတင်း အရ အမေရိကန် သမ္မတ Trump က Oracle/ByteDance သဘောတူညီချက်ကို ငြင်းဆန်ခဲ့ပြီး ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီပိတ်ပင်မှုတွေက TikTok နဲ့ WeChat ရဲ့ အမေရိကန်အတွင်း လည်ပတ်မှုတွေကိုသာ ထိရောက်သွားမှာပါ။ ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ဒီ App တွေ အသုံးပြုမှုကိုတော့ ဘာမှ ထိခိုက်သွားမှာ မဟုတ်တဲ့ အပြင် အမေရိကန် ကုမ္ပဏီတွေကိုလည်း အမေရိကန်နိုင်ငံ ပြင်ပမှာ ဆိုရင်တော့ ByteDance နဲ့ ပတ်သက်မှုကို ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref – GSMArena