ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ Apple ကနေ မိတ်ဆက်ခဲ့တဲ့ iPhone 14 Series ဖုန်းတွေထဲမှာ iPhone 14 Pro ဖုန်းတွေကပဲ ရောင်းအားအကောင်းဆုံးဖြစ်နေခဲ့ပါတယ်။ ဒါကလည်း Dynamic Island လိုမျိုး Feature အသစ်တွေအပြင် Camera ပိုင်းမှာ အဓိကအဆင့်မြှင့်တင်မှုတစ်ခုဖြစ်တဲ့ Main Camera ကို 48MP Sensor အဆင့်မြှင့်တင်ထားတာမျိုးက iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းမှာပဲ ပါဝင်တာကြောင့်ဖြစ်ပါတယ်။


တစ်ဖက်မှာတော့ သာမန် iPhone 14 နဲ့ iPhone 14 Plus ဖုန်းတွေဟာ ယခင် iPhone 13 Series နဲ့ အရည်အသွေးပိုင်းကွာခြားမှုနည်းပါးတဲ့ 12MP Camera Sensor ကိုပဲ ဆက်လက်အသုံးပြုထားခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ Apple ကနေ သာမန် iPhone 15 ဖုန်းတွေကို Camera ပိုင်းမှာ သေချာအဆင့်မြှင့်တင်သွားတော့မယ်လို့ သိရပါတယ်။

ဒါကြောင့် iPhone 15 နဲ့ iPhone 15 Plus ဖုန်းတွေဟာ နောက်ဆုံးမှာတော့ 48MP Main Camera ကို အသုံးပြုလာတော့မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး 48MP Main Camera ကို ပြောင်းလဲအသုံးပြုလိုက်တဲ့အတွက် Zoom အပိုင်းမှာ Telephoto Sensor သီးသန့်ပါဝင်မှာမဟုတ်သေးပေမယ့် 48MP Sensor ကနေ Crop ပြုလုပ်ထားတဲ့ 2x Telephoto Mode ကို အသုံးပြုနိုင်တော့မှာပါ။ ယခုသတင်းကိုတော့ Haitong Intl Tech Research မှာ အလုပ်လုပ်ကိုင်နေတဲ့ Jeff Pu ကနေ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး သာမန် iPhone 15 ဖုန်းတွေကို Camera ပိုင်းအဆင့်မြှင့်တင်ပေးလိုက်တယ်ဆိုပေမယ့် တစ်ဖက်မှာတော့ iPhone 15 Pro ဖုန်းတွေကိုလည်း လက်ရှိ 3x Telephoto Lens ကနေ 6x Periscope Lens ကိုအဆင့်မြှင့်ထားဦးမယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone 15 Pro ဖုန်းတွေဟာ Camera ပိုင်းမှာ ဆက်လက်သာလွန်နေဦးမှာပါ။ ဒါ့အပြင် Apple ဟာ iPhone 15 Pro ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ Stainless Steel ကိုယ်ထည်အစား Titanium ကိုယ်ထည်ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena