Vivo ဟာ ကုမ္ပဏီရဲ့ တီထွင်ဆန်းသစ်မှုတွေကို APEX concept တွေနဲ့ ပြသလေ့ရှိပါတယ်။ APEX concept တွေဟာ ဆန်းသစ်တီထွင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပြီး ဒီဇိုင်းပိုင်းမှာလည်း မတူကွဲပြားလေ့ရှိပါတယ်။ ကနဦးတုန်းကတော့ APEX 2020 concept ကို MWC မှာ ပြသဖို့လုပ်ထားခဲ့ပေမယ့် အခုတော့ အစီအစဉ်ပြောင်းပြီး သတင်းထုတ်ပြန်ချက်အနေနဲ့ပဲ လုပ်လိုက်ရတာပါ။

APEX 2020 ဟာ အနာဂတ်ရဲ့ ပွဲတစ်ခုခုမှာ မျက်ဝါးထင်ထင် မြင်တွေ့ရဦးမယ်လို့ မျှော်လင့်ပါတယ်။ အခုလောလောဆယ်တော့ ရှန်ကျန်းရဲ့ တစ်နေရာမှာ ရှိနေတဲ့ ဒီဖုန်းအကြောင်း ကုမ္ပဏီက ပြောသလောက်ပဲ သိရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် APEX 2020 နဲ့ပတ်သက်ပြီးတော့ နည်းနည်းပိုသိလာရတယ်ပဲ ပြောရမှာပါ။

APEX 2020 concept နဲ့ပတ်သက်ပြီး ထင်သာမြင်သာအရှိဆုံးတစ်ခုက 6.45-inch “Fullview edgeless” မျက်နှာပြင်၊ ၁၂၀ ဒီဂရီ ကွေးဝိုက်နေတဲ့ အနားစွန်းတွေလို့ ဆိုရမှာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်ခဲ့တဲ့ NEX 3 flagship ထက် ပိုပြီးသာလွန်နေတဲ့အချက်လည်း ဖြစ်ပါတယ်။

“Water fall display” ကလည်း ၈၈ ဒီဂရီ ခုံးစောက်ဖြစ်တာကြောင့် ကြည့်ရတဲ့သူအဖို့ တကယ့်ကိုရသမြောက်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် APEX 2020 ဟာ အနားစွန်းတွေမှာ Virtual button တွေပါနေတာကတော့ စိတ်ထဲဘဝင်မကျချင်စရာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက APEX concept လိုမျိုး Port မပါ၊ Virtual button မပါတဲ့ ဆန်းသစ်တီထွင်မှုမျိုးကို ထပ်ပြီးမလုပ်ပြတော့ပါဘူး။

APEX 2020 ဟာ တခြား APEX တွေ၊ NEX တွေလိုပဲ Notch မပါဝင်ပါဘူး။ 16MP selfie ကင်မရာကို မျက်နှာပြင်နဲ့ တိုက်ရိုက်ပေါင်းစည်းမှုက အောင်မြင်သွားတဲ့ပုံပါပဲ။ ပုံရိပ်အရည်အသွေးတိုးတက်စေဖို့ Algorithmic optimization ပေါ်မှီခိုပြီး မျက်နှာပြင်အလင်းထုတ်လွှင့်မှုကို ခြောက်ဆတိုးစေခဲ့တယ်လို့ Vivo က ဆိုပါတယ်။

APEX 2020 ကိုကြည့်ခြင်းအားဖြင့် ကုမ္ပဏီဟာ ကင်မရာဖွဲ့စည်းတည်ဆောက်မှုအပိုင်းမှာ ပိုပြီးအဆင့်မြင့်လာတယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “Continuous optical zoom” လို့ Vivo က ခေါ်ဆိုပေမယ့် ဒါဟာ “Actual optical zoom” လို့အဓိပ္ပါယ်ဖွင့်နိုင်မယ် ထင်ပါတယ်။ ဒီနေ့ခေတ်ဈေးကွက်ထဲက စမတ်ဖုန်းတွေဟာ Focal length နဲ့ ရိုက်ချက်ကြား Fixed prime lens နဲ့ Software တွေရဲ့ လုပ်ဆောင်ချက်ပေါ်မှာ မှီခိုနေရတာပါ။

APEX 2020 ရဲ့ Telephoto lens ကတော့ ဒီလိုမဟုတ်ပါဘူး။ 5x ကနေ 7.5x ကြား ပုံကြီးချဲ့နိုင်ဖို့အတွက် အမှန်တကယ်ရွေ့လျားပေးတဲ့ မှန်ဘီလူးအစိတ်အပိုင်းတွေ ရှိနေတာပါ။ သူ့ရဲ့ Periscope ဒီဇိုင်းကြောင့် 16MP module ဟာ 6.2mm ပဲ ထူတယ်လို့ Vivo က ဆိုပါတယ်။ ဒါ့အပြင် ပုံရိပ်တည်ငြိမ်စေမှုအပိုင်းမှာလည်း ခြေလှမ်းခပ်ကျဲကျဲနဲ့ အဆင့်ခုန်တက်သွားနိုင်ပြီလို့ ယူဆရပါတယ်။

သမားရိုးကျ OIS စနစ်ထက် စွမ်းဆောင်ရည် ၂၀၀ ရာခိုင်နှုန်းပိုတယ်လို့ ကုမ္ပဏီက အခိုင်အမာပြောဆိုနေပါတယ်။ ဗီဒီယိုရိုက်ကူးမှုမှာလည်း ပိုပြီးချောမွေ့တဲ့ရလဒ်ကို ဖြစ်စေသလို ညအချိန် ဓါတ်ပုံရိုက်ကူးမှုမှာလည်း Shutter speed ကို ပိုပြီးကြာရှည်စွာထားရှိနိုင်တယ်လို့ ဆိုပါတယ်။ Chameleon’s eyeballs က လှည့်လည်ပြီး အဓိကပုံရိပ်ကို ခြေရာခံတယ်လို့ Vivo က ဆိုထားပါတယ်။

APEX 2020 ဟာ 60W ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ 2,000mAh ဘက်ထရီကို မိနစ် ၂၀ အတွင်းအားသွင်းနိုင်တယ်လို့ သိရပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကတော့ ဒီနေ့ခေတ်မှာ အမြန်ဆုံးလို့ဆိုနိုင်ပေမယ့် ဘက်ထရီပမာဏကတော့ အံ့အားသင့်ဖွယ် နည်းပါးနေပါတယ်။ အပူလွန်ကဲမှုမရှိဘဲ အမြန်အားသွင်းနိုင်တဲ့ Dual-cell ဒီဇိုင်းကို သုံးမယ်လို့ ယူဆရပါတယ်။

APEX 2020 ဟာ 5G Device ဖြစ်ပါတယ်။ Snapdragon 865 ပရိုဆက်ဆာနဲ့ဖြစ်ပြီး 12GB of RAM သုံးထားပါတယ်။ သိုလှောင်မှုပမာဏကတော့ 256GB ဖြစ်ပြီး 1080p display ဖြစ်ပါတယ်။ Android 10 မောင်းနှင်ပြီး အရောင်ကတော့ အဖြူနဲ့ အနက် နှစ်မျိုးပဲ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ APEX 2020 ဟာ Concept ဖုန်းသာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားဖြစ်ထုတ်လုပ်ရောင်းချတာကို ဘယ်အချိန်လောက်မှာတွေ့နိုင်မလဲဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။

Ref: The Verge