Vivo ရဲ့ အမြင့်စားဟန်းဆက်တွေထုတ်လုပ်လေ့ရှိတဲ့ iQOO လိုင်းအပ်ဟာ မကြာခင်မှာ iQOO 3 Gaming စမတ်ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ခဲ့တဲ့ Leak သတင်းမှာ ဒီဖုန်းရဲ့ ဒီဇိုင်းကို စတင်မြင်တွေ့ခဲ့ရပြီး ယနေ့မှာ TENAA နဲ့ Geekbench ပေါ်မှာပါ Specs အချို့ကိုမြင်တွေ့ခွင့်ရလာခဲ့ပါပြီ။

TENAA ဖော်ပြချက်ကိုကြည့်ရင် ဒီဖုန်းဟာ အရင်ကလည်းမြင်ခဲ့ရပြီးဖြစ်တဲ့ V1955A မော်ဒယ်နံပါတ်ကို ယူဆောင်လာတာတွေ့ရမှာပါ။ သူ့မှာ 6.44” လက်မအရွယ် FHD+ AMOLED Display ပါဝင်မှာဖြစ်ပြီး Storage က 128 / 256 GB နှစ်မျိုးရရှိနိုင်မှာဖြစ်ပါတယ်။ ကင်မရာကတော့ လေးလုံးပါဝင်ကာ ဘက္ထရီပမာဏက 4,370 mAh လို့ ဖော်ပြထားတယ်။

Software ပိုင်းမှာတော့ Android 10 OS အသစ်စက်စက်ကို သုံးစွဲလာမှာဖြစ်ပြီး သူ့ရဲ့ CPU က 2.84GHz နဲ့ Octa-core ဖြစ်တာကြောင့် Snapdragon 865 ချစ်ပ်ဆက်လို့ပဲ ယူဆရပါတယ်။ RAM မန်မိုရီက ရွေးချယ်စရာပိုများပြီး 6 / 8 / 12GB သုံးမျိုး ရရှိနိုင်မှာပါ။

Geekbench ပေါ်မှာတော့ iQOO 3 ဟာ ကွဲပြားတဲ့မော်ဒယ်နံပါတ် Vivo I1927 နဲ့တွေ့ရပြီး အိန္ဒိယဈေးကွက်မှာ မိတ်ဆက်မယ့် ဗားရှင်းလို့ ယူဆရပါတယ်။ ဒီဖုန်းဟာ Geekbench ရဲ့ Single-core စမ်းသပ်မှုမှာ 914 မှတ်ရကာ Multi-core မှာ 3,217 ရရှိထားပါတယ်။

iQOO 3 မှာသုံးစွဲလာမယ့် ချစ်ပ်ဆက်ကိုတော့ ကုဒ်နာမည် “Kona” လို့ဖော်ပြထားပြီး ဒီအမည်ဟာ ပြီးခဲ့တဲ့ အခေါက်တွေမှာလည်း SD 865 ချစ်ပ်ဆက်ရဲ့ နာမည်ဖြစ်ပါတယ်။ ဒီမှာတော့ 8 GB RAM ဗားရှင်းနဲ့ စမ်းသပ်ခံထားပြီး Android 10 OS ကိုပဲ ထပ်တွေ့ရပါတယ်။ ဒါ့ကြောင့် iQOO 3 ဟာ မတူညီတဲ့ ဈေးကွက်တွေကို မတူညီတဲ့ မန်မိုရီ Combo မော်ဒယ်တွေနဲ့ ဝင်ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena