Vivo ရဲ့ Vice President နဲ့ Director တစ်ဦးဖြစ်တဲ့ Liu Hong ကနေ မကြာခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ 5G စမတ်ဖုန်းတွေနဲ့ပတ်သက်ပြီးတော့ ပြောကြားသွားခဲ့ပါတယ်။

ဒါကတော့ Vivo ဟာဆိုရင် လက်ရှိအချိန်မှာ တစ်ရက်ကို 5G စမတ်ဖုန်းအလုံးရေ ၁ သိန်းခန့် ပြန်လည်ထုတ်လုပ်နေပြီဖြစ်တဲ့အကြောင်းကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် စမတ်ဖုန်းထုတ်လုပ်မှုတွေက ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီးတော့ တရုတ်နိုင်ငံစမတ်ဖုန်းစျေးကွက်ကလည်း အခက်ကြုံနေရတာဖြစ်ပါတယ်။

ဒါပေမယ့် Vivo ကတော့ တကမ္ဘာလုံးမှာ စမတ်ဖုန်းထုတ်လုပ်တဲ့စက်ရုံတွေ ၅ ခုရှိနေပြီးတော့ တစ်နှစ်ကို စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ အထိ ထုတ်လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာလည်း အဆိုပါ စက်ရုံတွေက ထုတ်လုပ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းရှိနေတဲ့အတွက် 5G Device တွေထုတ်လုပ်မှုကို ထိခိုက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

နောက်ထပ် Liu Hong ရဲ့ ပြောကြားချက်အရတော့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ တရုတ်ယွမ်ငွေ ၂,၀၀၀ အထက် (မြန်မာငွေ ၄ သိန်းဝန်းကျင်) ဖုန်းတွေကို 4G Version အနေနဲ့ ထုတ်လုပ်မှုကိုရပ်ဆိုင်းပြီးတော့ 5G ကို ကူးပြောင်းနေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်း ၂၀၂၀ နှစ်ကုန်ပိုင်းမှာဆိုရင် တရုတ်ယွမ်ငွေ ၁,၅၀၀ (မြန်မာငွေ ၃ သိန်းဝန်းကျင်) ဖုန်းတွေမှာတောင် 5G ကို Support ပြုလုပ်လာမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီ ၂၀၂၀ ခုနှစ်ဟာ 5G အတွက်ကတော့ သိသိသာသာကို နေရာရရှိလာဖို့များနေပါတယ်။

Ref – GSM Arena