Vivo ကနေ အခုအချိန်မှာ True Wireless Earbuds အသစ်တစ်မျိုးဖြစ်တဲ့ Vivo TWS Neo Earbuds ကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ အဆိုပါ Vivo TWS Neo ဟာဆိုရင် စျေးနှုန်းသက်သာတဲ့ TWS Earbuds တစ်ခုဖြစ်လာမယ့်အပြင် လက်ရှိ Wireless Earbuds တွေထဲမှာ တွေ့လာရပြီဖြစ်တဲ့ Low Latency Feature လည်း ပါဝင်လာမှာပါ။

Vivo ကနေ ယခုသတင်းကို Weibo စာမျက်နှာမှာ Teaser Video အသစ်တစ်ခုနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပြီး Black နဲ့ White ဆိုပြီး အရောင် ၂ မျိုးနဲ့ ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ အဆိုပါ Video အရ AirPods နဲ့ ဒီဇိုင်းတူညီတဲ့ Vivo TWS Neo Earbuds တွေအပြင် Charging Case ကိုပါ တွေ့ရှိခဲ့ရပြီးတော့ Wireless Charging ကို Support ပြုလုပ်၊မလုပ်ကိုတော့ မဖော်ပြထားခဲ့ပါဘူး။

ဒါတင်မဟုတ်သေးဘဲ Vivo ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Vivo TWS Neo Earbuds ဟာ Audio Quality အရ စွမ်းဆောင်ရည်မြင့်မားမှာဖြစ်ပြီး Latency လည်း သိသိသာသာကို မရှိသလောက် လျော့နည်းမှာဖြစ်တယ်လို့ သိရပါတယ်။ Latency ဟာ ပုံမှန်သီချင်းနားထောင်တဲ့အချိန်မှာ မသိသာပေမယ့် ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့တဲ့အချိန်မှာ အရေးပါတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

Vivo ရဲ့ မကြာခင်မိတ်ဆက်လာတော့မယ့် Vivo TWS Neo Earbuds ဟာ စိတ်ဝင်စားဖို့ကောင်းနေပြီး realme ကလည်း မကြာခင်မှာ realme Buds Air Neo ဆိုပြီး TWS Earbuds အသစ်ကို မိတ်ဆက်ဖို့ရှိနေသေးတဲ့အတွက် ဘယ် Earbuds က ပိုကောင်းနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China