vivo X Flip ကို ဒီလထဲမှာ vivo X Fold2 , vivo Pad 2 တို့နဲ့အတူ ကြေညာနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး Clamshell Foldable ရဲ့ ဓါတ်ပုံတွေ အရင်က ပေါက်ကြားခဲ့ဖူးပြီး အခုတော့ တရားဝင် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။
တရုတ် မင်းသမီး ဝမ်ဇီဝမ်က vivo X Flip ကို အသုံးပြုနေတဲ့ ဓါတ်ပုံတွေ ဝီဘိုမှာ ထွက်ပေါ်လာပြီး ကြီးမားတဲ့ မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၂ လုံးကို တွေ့ရပါတယ်။ ခရမ်းရောင် ဖြစ်ပြီး ပေါက်ကြားသတင်းအရ အနက်နဲ့ ရွှေရောင်တွေလည်း ထုတ်လုပ်ထားမှာပါ။
ဓါတ်ပုံတွေအရ ကာဗာ မျက်နှာပြင်ဟာ ဖုန်းထောင့်စွန်းအထိ နေရာယူထားပြီး ထောင့်တွေဟာ အနည်းငယ် ကွေးညွှတ်ပါတယ်။ စက်ဝိုင်းပုံ ကင်မရာ Island မှာ ကင်မရာ ၂ လုံး၊ Zeiss Logo ကို မြင်ရပြီး ညာဘက်ခြမ်းမှာ LED Flash တပ်ဆင်ထားပါတယ်။ လက်ရှိ စမတ်ဖုန်း Trend ဟာ ဘေးဘက်တွေ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပေမယ့် X Flip မှာ လေးဘက်လေးတန်ဟာ ကွေးညွှတ်နေပါတယ်။
မင်းသမီး လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်း အရွယ်အစားကို ခန့်မှန်းလို့ မရပေမယ့် အတွင်းဘက်မှာ 6.8” Foldable မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး OPPO Find N2 Flip နဲ့ အရွယ်အစား တူညီနိုင်ပါတယ်။ Galaxy Z Flip4 နဲ့ Moto Razr 2022 ထက် အနည်းငယ်ကြီးမားနိုင်ပြီး Huawei P50 Pocket ထက် သေးငယ်နိုင်ပါတယ်။
vivo X Flip ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး vivo က မိတ်ဆက်ပွဲနေ့ကို မကြာခင် အတည်ပြုလာနိုင်ပါတယ်။ ကုမ္ပဏီက မိတ်ဆက်ပွဲ မတိုင်ခင် Teaser တွေကို မျှဝေလာနိုင်ပါတယ်။
Ref : gsmarena