Vivo X30 ကို ကြေညာစဉ်က ဒီဇိုင်းလန်းတာကို ကြိုက်တဲ့ လူငယ်တွေအတွက်လို့ ပြောခဲ့ပါတယ်။ အဲဒီဖုန်းရဲ့ Ambassador ကလည်း တရုတ်က စူပါမော်ဒယ် Liu Wen ဖြစ်ပါတယ်။ အခုတော့ ဒီဇိုင်းလန်းတဲ့ မော်ဒယ် အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အမေရိကန် ဖက်ရှင် ဒီဇိုင်နာ Alexander Wang နဲ့ ပူးပေါင်း ဖန်တီးထားတာပါ။ Vivo X30 Mirror Edition လို့ နာမည်ပေးထားပြီး အရောင်က ဆန်းပြားမှာပါ။

Vivo မျှဝေထားတဲ့ Teaser မှာ ငွေရောင် ဖုန်း ကိုယ်ထည် တစ်စိတ်တစ်ပိုင်းကို မြင်ရပြီး “ Enter the Mirror World of Alexander Wang “ လို့ ရေးသားထားသလို မတ်လ ၂၀ ရက်ကိုလည်း ဖော်ပြထားပါတယ်။ ဒါဟာ စတုတ္ထမြောက် အရောင် ဖြစ်ပြီး အရင်က Black , Peach နဲ့ Light Blue အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။

Vivo X30 ဟာ ဒီဇိုင်း လန်းသလို အတွင်းပိုင်း အစိတ်အပိုင်းတွေကလည်း မိုက်ပါတယ်။ Exynos 980 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 5G Modem ထည့်ထားပါတယ်။ Pro မော်ဒယ်မှာ 13MP Periscope ကင်မရာ တပ်ဆင်ထားပြီး 5x Optical Zoom ထောက်ပံ့ပါတယ်။ 32MP Telephoto ကင်မရာပါလာပြီး Portrait ကင်မရာလိုပါ သုံးနိုင်ပါတယ်။

Pro ဟာ စွမ်းဆောင်ရည်ပိုမြင့်တဲ့အတွက် အရောင်အသစ်ကို သူ့အတွက်ပဲ ထုတ်လုပ်ထားနိုင်ပါတယ်။ လက်ရှိမှာ တန်ဖိုး အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ 8/256GB ကို ၄,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၆ သောင်းကျသင့်ပါတယ်။ မော်ဒယ်အသစ်မှာ မန်မိုရီ ပိုများလာနိုင်ပြီး ဘူးဒီဇိုင်းက ပိုလန်းလာနိုင်တဲ့အတွက် ဈေးကလည်း ပိုများလာနိုင်ပါတယ်။

Ref : gsmarena