၂၀၂၁ ခုနှစ်အတွက် Vivo ရဲ့ ပထမဦးဆုံး Flagship ကတော့ ပွဲထွက်လာပါပြီ။ Vivo X60 Pro+ ဟာ ထူးခြားတဲ့ကင်မရာတပ်ဆင်ပုံတွေနဲ့အတူ ဈေးကွက်ထဲကို ရောက်လာပြီဖြစ်ပါတယ်။ ကျောဘက်မှာ တပ်ဆင်ထားတဲ့ အဓိကကင်မရာကြီးနှစ်လုံးမှာ တစ်လုံးက Sony ဆီကဖြစ်ပြီး တစ်လုံးကတော့ Samsung ဆီကဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းကိုစပြောရရင် အရှေ့ဘက်မျက်နှာပြင်ဟာ Curved display ဖြစ်ပါတယ်။ အပေါ်ဘက်အလယ်တည့်တည့်မှာတော့ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ Vivo ဟာ X60 Pro+ မှာတော့ ပြိုင်ဘက်အမှတ်တံဆိပ်တွေဖြစ်တဲ့ OnePlus နဲ့ Xiaomi တို့လိုပဲ မျက်နှာပြင်ပိုင်းကို အာရုံစိုက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ကျောဘက်ဒီဇိုင်းကတော့ အရည်အသွေးမြင့် သားရေနဲ့ဖုံးအုပ်ပေးထားတာပါ။ Classic Orange နဲ့ Phantom Blue ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ အမြင်ဆန်းတဲ့ကင်မရာဖွဲ့စည်းမှုအတွက် ကင်မရာအိမ်ကို သတ္တု၊ ဖန်သားတွေပေါင်းစပ်ပြီး ပြုလုပ်ထားပါတယ်။ စတုဂံပုံစံကင်မရာအိမ်ထဲမှာ 50MP Main Camera + 8MP Periscope + 32MP Telephoto + 48MP Ultrawide ကင်မရာလေးလုံးကို တပ်ဆင်ပေးထားပါတယ်။ အောက်ဘက်မှာတော့ LED ဖလက်ရှ်တွေကို နေရာချထားပါတယ်။

အဓိကကင်မရာကို နှစ်လုံးတပ်ဆင်ထားတာကြောင့် ကင်မရာအိမ်အရွယ်အစားကတော့ အတော်လေးကြီးသွားပါတယ်။ ဒီထဲက ကင်မရာတစ်လုံးဟာ Gimbal system နဲ့ ဖြစ်ပါတယ်။ ခြုံငုံသုံးသပ်ရရင်တော့ ဒီဇိုင်းပိုင်းက ပရီမီယံဖြစ်နေတာကြောင့် နှစ်သက်စရာကောင်းတယ်လို့ပဲ မှတ်ချက်ရရမှာပါ။

Vivo X60 Pro+ ရဲ့မျက်နှာပြင်ဟာ 6.56-inch ဖြစ်ပြီး 2376 x 1080 resolution ဖြစ်ပါတယ်။ 120Hz refresh rate နဲ့ 240Hz touch sampling rate တွေကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဒါ့အပြင် HDR10 နဲ့ HDR10+လည်း ပါဝင်ပါတယ်။ Snapdragon 888 processor ကို 8GB/12GB of LPDDR5 RAM နဲ့ တွဲဖက်ပေးထားပါတယ်။ 12GB ဗားရှင်းမှာ Memory Fusion Technology လို့ခေါ်တဲ့ Feature ပါဝင်ပြီး Storage ကနေ Additional RAM ကို 3GB အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

သိုလှောင်မှုပမာဏကတော့ 128GB ဒါမှမဟုတ် 256GB UFS3.1 တွေဖြစ်ပါတယ်။ Vivo X60 Pro+ မှာ Dual SIM အထောက်အပံ့ (nano only), In-display fingerprint scanner, face unlock, NFC, Bluetooth 5.2 စတာတွေ ထောက်ပံ့ထားပါတယ်။ Android 11 အခြေခံ OriginOS 1.0 မောင်းနှင်ထားပြီး 4,200mAh ပမာဏဘက်ထရီနဲ့ 55W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

စျေးနှုန်းအနေနဲ့ RAM 8GB/ Storage 128GB ဗားရှင်းကို တရုတ်ငွေ ၄၉၉၈ ယွမ် (မြန်မာငွေ ၁၀သိန်း ဝန်းကျင်) နဲ့ RAM 12GB / Storage 256GB ဗားရှင်းကို တရုတ်ငွေ ၅၉၉၈ ယွမ် (မြန်မာငွေ ၁၂သိန်း ၃သောင်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: Gizmochina