အရင်နှစ်ထွက်တဲ့ Vivo X30 Series မှာ Exynos 980 Chipset ပါလာပြီး 5G Modem ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာခဲ့ပါတယ်။ အခုတော့ Vivo Y70s 5G ကို Geekbench မှာ တွေ့လာရပြီး Exynos 880 SoC မောင်းနှင်ထားပါတယ်။ စွမ်းရည်သင့်ပြီး ဈေးချိုတဲ့ 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

အဲဒီ ဖုန်းကို 3C မှာ မော်ဒယ်နံပါတ် V2002A နဲ့ မှတ်ပုံတင်ထားပြီး 18W Charger ပါလာပါတယ်။ Vivo FlashCharge ရဲ့ 22.5W လောက်တော့ မမြန်ပေမယ့် ဈေးကွက်ထဲက စွမ်းရည်သင့် ဖုန်း အများစုထက် ပိုကောင်းပါတယ်။

အဲဒီဖုန်းနဲ့အတူ 3C မှာ Vivo V2001A နဲ့ V2005A တို့ကိုလည်း မှတ်ပုံတင်ထားပြီး 33W Chargers တွေ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာလည်း စွမ်းရည်သင့် Y Series တွေဖြစ်နိုင်ပါတယ်။

လက်ရှိမှာ ဈေးအချိုဆုံး Vivo 5G စမတ်ဖုန်းဟာ Vivo S6 ဖြစ်ပြီး ၂,၆၉၈ ယွမ် ဖြစ်ပါတယ်။ မြန်မာငွေ ၅ သိန်း ၄ သောင်းလောက်ပဲရှိပါတယ်။ Vivo ရဲ့ အရာရှိ ၁ ယောက်က ဒီနှစ်နှောင်းပိုင်းမှာ ယွမ် ၁,၅၀၀ ပဲရှိတဲ့ 5G စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ်လို့ ပြေားထားတဲ့အတွက် မြန်မာငွေ ၃ သိန်းလောက်နဲ့ 5G ဖုန်းတွေ ကိုင်နိုင်တော့မှာပါ။

Ref : gsmarena