လျှပ်စစ်ကား ဈေးကွက်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီ ဖြစ်ပြီး Volkswagen က ID. Buzz လျှပ်စစ် မီနီဘတ်စ်ကို မတ်လ ၉ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်  ကုမ္ပဏီက မိတ်ဆက်ပွဲ မတိုင်ခင်မှာ လူတွေ စိတ်ဝင်စားမှု ပိုမြင့်မားလာအောင် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို အကြိုပြသလိုက်ပြီး လျှပ်စစ် မီနီဘတ်စ်ကို ဂျာမနီ နိုင်ငံ ဟန်နိုဗာမှာ ဘယ်လို တပ်ဆင် တည်ဆောက်ထားသလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။

Buzz ကို ကုမ္ပဏီရဲ့ ကားထုတ်လုပ်တဲ့ Volkswagen Nutzfahrzeuge က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Volkswagen ဟာ လျှပ်စစ် မီနီဘတ်စ် ထုတ်လုပ်မယ့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင် ကြေညာခဲ့တာ ဖြစ်ပြီး အခုလို အကောင်အထည်ပေါ်လာအောင် အချိန် ၅ နှစ် ယူခဲ့ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ မီနီဘတ်စ် ကား စီးရီးတွေမှာ ကာဘွန်ထုတ်လွှင့်မှု လုံးဝ မရှိအောင် ဖန်တီးဖို့ ရည်ရွယ်ထားပြီး အခုတော့ ID. Buzz နဲ့ စတင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက မတူညီတဲ့ ကား အစိတ်အပိုင်းတွေရဲ့ Teaser များစွာကို မျှဝေထားပြီး အဲဒါတွေကို ပေါင်းစပ်ကြည့်ရင် ဒီဇိုင်းက အရမ်းကို အထင်ကြီးစရာကောင်းပါတယ်။ ID. Buzz ဟာ လုပ်ငန်းသုံး နယ်ပယ်မှာ အလားအလာ အများကြီးရှိလာနိုင်ပါတယ်။

ဗီဒီယိုမှာ ဘတ်စ်ကို သက်တန့်ရောင်လို ရောင်စုံတွေနဲ့ အလှဆင်ထားတာ မြင်ရပြီး Volkswagen ရဲ့ တွစ်တာက ပို့စ် ၁ ခုအရ ID. Buzz ကို မတ်လအတွင်း စပိန်မှာ ကြေညာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ID. Buzz ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရသေးပြီး မိတ်ဆက်ပွဲကျမှ အသေးစိတ်ကို သိရမှာ ဖြစ်ပါတယ်။

Ref : gizmochina