WESG လို့အတိုကောက်သိကြတဲ့ World Electronic Sports Games ပြိုင်ပွဲဟာ Esports လောကမှာတော့ အဖွဲ့အစည်းတွေအလိုက် ယှဉ်ပြိုင်ရတာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ကစားရတဲ့ အိုလံပစ်ဆန်ဆန် ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

အခုနှစ်မှာ COVID-19 ကြောင့် စီစဉ်ထားတဲ့အတိုင်း မကျင်းပနိုင်ခဲ့ဘဲ နောက်ရွှေ့ထားရတဲ့ WESG ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့ ရုရှားအခြေစိုက် Esports အဖွဲ့အစည်း Virtus.Pro ရဲ့ အထွေထွေမန်နေဂျာဟောင်းဖြစ်သူ Roman Dvorkyankin မှ ဆိုရှယ်မီဒီယာမှာ ရုတ်တရက် တင်လာခဲ့ပါတယ်။

သူ့ရဲ့တွစ်တာအကောင့်မှာ WESG ကိုကျင်းပပြုလုပ်ပေးတဲ့ Alisports ရဲ့ Esports ဌာနခွဲကို မိခင်ကုမ္ပဏီ Alibaba က ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့် WESG ပြိုင်ပွဲတွေကို ထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့ ရေးသားခဲ့တာပါ။ ဒီပြိုင်ပွဲဟာ ထူးဆန်းပေမယ့် ပျော်ရွှင်စရာကောင်းပြီး ယခင်က VP အသင်းနဲ့အတူ တရုတ်နိုင်ငံသို့ လာရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အချိန်တွေကိုလည်း သတိရနေမှာပါ လို့သူကဆိုပါတယ်။

Alisports နဲ့ WESG တာဝန်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။ အရင်နှစ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Veteran အသင်းဟာ WESG SEA Finals မှာ ထိပ်ဆုံးသုံးသင်းအဆင့်ဝင်တာကြောင့် တရုတ်နိုင်ငံက နောက်ဆုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသလို အခုနှစ်မှာလည်း အလားတူပဲ WESG SEA Finals မှာ တတိယရထားပြီး နောက်တစ်ဆင့်အနေနဲ့ APAC Finals ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စောင့်ဆိုင်းနေခဲ့ရတာပါ။

တကယ်တမ်း ၂၀၂၀ နှစ်စထဲက ဆော့ကစားရမှာဖြစ်ပေမယ့် အခုထိ မယှဉ်ပြိုင်ရသေးဘဲ သတင်းဆိုး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ Team Veteran ဟာ ပြည်တွင်းမှာ နိုင်ငံတကာ Esports ပွဲအတွေ့အကြုံအများဆုံး အသင်းတစ်သင်းဖြစ်ပြီး မကြာသေးခင်က အသင်းရဲ့ ဝါရင့်ကစားသမား “Leo” အနားယူသွားကာ လူငယ်ကစားသမား “Mice” နဲ့ အစားထိုးအားဖြည့်ထားပါတယ်။

WESG ပွဲမှာ Dota2 တင်မကဘဲ CS:GO, Hearthstone, Starcraft အစရှိသဖြင့် အခြား Esports Title များကိုလည်း နှစ်စဉ်ယှဉ်ပြိုင်နေကြဖြစ်တာကြောင့် တကယ်တမ်းဖျက်သိမ်းသွားမယ်ဆိုရင် သူချန်ထားခဲ့တဲ့ ကွက်လပ်က တော်တော်ကြီးနေမှာပါ။

Ref – AFKGaming