ကဲ မကြာခင်မှာ သင်္ကြန်ရောက်တော့မယ်နော်။ သင်္ကြန်မှာ ပျော်ပျော်ပါးပါး ရေကစားရင်း ဖုန်းတွေ ရေစိုပြီး ပျက်ကုန်တာတွေ ဖြစ်လေ့ရှိပါတယ်။ အခုနောက်ပိုင်း တချို့ တန်ဖိုးကြီး ဖုန်းတွေကတော့ ရေစိုခံပေမယ့် တန်ဖိုးသင့်တင့်ဖုန်းတွေမှာတဲ့ အဲ့ဒီလို ရေစိုမခံနိုင်သေးပါဘူး။ ဒါကြောင့် ဖုန်းရေစိုသွားရင် ဖုန်းမပျက်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ပြောပြချင်ပါတယ်။

ဖုန်းကို ရေစိုနေတဲ့နေရာကနေ ရေထဲကနေ တတ်နိုင်သမျှ မြန်မြန်ရွှေ့လိုက်ပါ

ရေနဲ့ စက္ကန့်ပိုင်းလိုက်ဘဲ ဖုန်းနဲ့ ထိတွေ့လိုက်တာနဲ့ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်၊ USB နဲ့ Charging သွင်းတဲ့အပေါက် စတဲ့ ဖုန်းအပြင်ဘက်ကနေ ဖုန်းထဲကို ရေ၀င်နိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဖုန်းကို မြန်မြန် ပြန်ယူပြီး အမြန်ဆုံး ပါဝါ ခလုတ်ကို ပိတ်ပါ။ ရေထဲမှာ အချိန်အကြာကြီးထားပါက ဆားကဒ် (Circuit) ထဲ ရေ၀င်သွားပြီး ပျက်စီးနိုင်ပါတယ်။

အားသွင်းထားတဲ့ ဖုန်းအပေါ်ကို ရေမှောက်ကျခဲ့ရင်

အကယ်၍ အားသွင်းထားတဲ့ ဖုန်းအပေါ် ရေမှောက်ကျခဲ့ရင် ချက်ချင်းဖုန်းကို ဖယ်ဖို့ မကြိုးစားပါနဲ့။ မီးကို အရင် ပိတ်ပါ။ ဖြစ်နိုင်ရင် မိန်းချလိုက်ပါ။ ပြီးမှ ဖုန်း ပါဝါ ပိတ်ပြီး အောက်ဖော်ပြပါ လုပ်ငန်းစဉ်တွေကို ဆက်လုပ်ပါ။ လျှပ်စစ်နဲ့ ရေနဲ့ ထိတွေ့မိရင် ၀ါယာလျော့ဖြစ်နိုင်တာကို သတိထားပါ။

နူးညံ့တဲ့ အ၀တ်ခြောက် သို့ တစ်ရှူးပေါ်မှာ ဖုန်းကို တင်ထားပါ။

ရေထဲကနေ ဆယ်ယူပြီးရင် နူးညံ့တဲ့ အ၀တ်ခြောက် သို့ တစ်ရှူးပေါ်မှာ တင်ထားပါ။ အဲ့ဒီနောက်မှာ ဖုန်း ဘက်ထရီဖြုတ်လို့ရပါက ဖုန်းဘက်ထရီကို ဖြုတ်ထားပြီး ဖုန်းရှိ ကာဘာ များကို ဖြုတ်ပြီး တင်ထားပါ။

ဖုန်း Sim Card ကို ထုတ်ပါ

အရေးကြီးဖုန်းနံပါတ်တွေကို Sim Card ထဲမှာ မှတ်ထားလေ့ရှိတာကြောင့် ဖုန်း ဆုံးရှုံးသွားရင်တောင် Sim Card ထဲက အရေးကြီး ဖုန်းနံပါတ်တွေ ပြန်ရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဖုန်းထဲကနေ အမြန်ဆုံးထုတ်ပြီး အ၀တ်ပေါ်မှာ သုတ်ကာ အ၀တ်ပေါ်မှာဘဲ အခြောက်ခံထားပါ။

ဖုန်းကို ဖြုတ်လို့ရတဲ့ အပိုင်းမှန်သမျှ ဖြုတ်ပါ။

ဖုန်းကို အလွယ်တကူ ဖြုတ်လို့ရသမျှ ဥပမာ Memory Card၊ ဖုန်းကာဘာ၊ ဖုန်း ဘက်ထရီ၊ ဖုန်းရဲ့ အနောက် ကာဘာ စတာတွေကို ဖြုတ်ပြီး အ၀တ်ပေါ်မှာ တင်ထားပြီး လေသလပ်ခံကာ ခြောက်အောင်လုပ်ပါ။

ဖုန်းကို တစ်ရှူး သို့ နူးညံ့တဲ့ အ၀တ်နဲ့ သုတ်ပေးပါ။

ဖုန်းထဲမှာ ရေတစ်စက်ကျန်ရင်တောင် ဖုန်းရဲ့ ဆားကပ် ကို ပျက်နိုင်တာကြောင့် နူးညံ့တဲ့ တစ်ရှူးစဖြစ်စြဖ် အ၀တ်နဲ့ သုတ်ပေးပါ။ တစ်ရူးစတွေ ဖုန်းထဲမှာ မကျန်ခဲ့ဖို့တော့ ဂရုစိုက်ပါ။ ဖုန်းကို မခါပါနဲ့ လှုပ်လှုပ်ရမ်းရမ်း မလုပ်ပါနဲ့။

ဖုန်စုပ်စက် သုံးပါ

အိမ်မှာ ဖုန်စုပ်စက် ရှိနေပါက ဖုန်းထဲမှာရှိတဲ့ ရေတွေ ၊ ရေငွေ့တွေ စုပ်ယူသွားနိုင်အောင် ရေစိုသွားတဲ့နေရာကို ဖုန်စုပ်စက်နဲ့ မိနစ် ၃၀ နီးပါးလောက် စုပ်ပေးပါ။ ဖုန်စုပ်စက်နဲ့ အရမ်းနီးနီးထားပြီး မစုပ်ပါနဲ့ ဖုန်စုပ်စက်က လျှပ်စစ်စီးကြောင်းတွေက ဖုန်းကို အန္တရာယ်ဖြစ်စေပါတယ်။

ဆံပင် အခြောက်ခံစက် (Hair Dryer) မသုံးပါနဲ့။

ဆံပင် အခြောက်ခံစက်က ထွက်တဲ့လေတွေက ရေအစိုဓာတ် (Moisture)  တွေကို ဖုန်းရဲ့ အတွင်းပိုင်း ဆားကတ် (Circuit) အတွင်းပိုင်းအထိ ရောက်စေတာကြောင့် ပိုပြီး အန္တရာယ်ရှိပါတယ်။ အဲ့ဒီအစား လေပူပူတိုက်တဲ့နေရာမှာ နာရီပေါင်းများစွာ လေသလပ်အောင် ထားပြီး အခြောက်ခံသင့်ပါတယ်။

ရေငွေ့စုပ်ယူနိုင်တဲ့ ပစ္စည်းများကြားမှာ ထားရှိခြင်း

ဖုန်းကို ဆန်အိုးထဲမှာ တစ်ညလောက်ထားခြင်းဖြင့် ဖုန်းထဲမှာ ရှိတဲ့ ရေငွေ့တွေကို စုပ်ယူထားနိုင်ပါတယ်။

ဖုန်းကို နေပူပူလေး (အရမ်းမပူတဲ့နေရာ) မှာ တစ်ရှူး အပေါ်တင်ပြီး ထားပါ။

ဆန်အိုးထဲမှာ ထုတ်ပြီးရင် နေနည်းနည်းပူတဲ့နေရာလေးမှာ ၄ နာရီကနေ ၆ နာရီကြား ထားပါ။ အကယ်၍ ရေငွေ့တွေ ရှိနေသေးရင် ဖုန်စုပ်စက်နဲ့ စုပ်တဲ့အဆင့်ကနေ ပြန်လည် လုပ်ဆောင်ပါ။

ဖုန်းကို ပြန်လည်စမ်းသပ်ပါ

၂၄နာရီကြာအောင် စောင့်ပြီး ဖုန်းထဲမှာလည်း ရေငွေ့တွေ ရေတွေ လုံးဝမရှိတော့ဘူးလို့ သေချာရင် ဖုန်းကို ပြန်ဖွင့်ကြည့်ပါ။ သီချင်းတွေ နားထောင်ကြည့်၊ ဖုန်းခေါ်ကြည့်လို့အဆင်ပြေရင် ကောင်းသွားပါပြီ။

အကယ်၍ ဖုန်း ပါဝါ မတက်လာဘူးဆိုရင် ဖုန်းကို ဘက်ထရီဖြုတ်ပြီး ပါဝါကြိုးနဲ့ ချိတ်ပြီး ဖွင့်ကြည့်က ပါဝါတက်လာရင်တော့ ဖုန်းဘက်ထရီ အသစ်လဲဖို့ လိုအပ်ပါတယ်။

ဖုန်းပြင်တဲ့ဆိုင်ကို ပို့ပါ။

သင်္ကြန်ပိတ်ရက်တွေ ကုန်လို့ ဖုန်းပြင်တဲ့ဆိုင် ပြန်ဖွင့်ရင်တော့ ကိုယ့်ဖုန်းကို သွားပြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။