အရင်နေ့က Facebook ဟာ သူပိုင်ဆိုရှယ် App တစ်ခုဖြစ်တဲ့ WhatsApp ရဲ့ Group Audio သို့မဟုတ် Video Call ခေါ်ဆိုရာမှာ ပါဝင်နိုင်တဲ့ပမာဏကို တိုးမြှင့်ပေးမယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ Facebook က အဆိုပါ သတင်းကို အတည်ပြုပေးလိုက်ပါပြီ။

လက်ရှိ WhatsApp မှာ တပြိုင်တည်းပြုလုပ်နိုင်တဲ့ လစ်မစ်က လေးယောက်ဖြစ်ပေမယ့် “မကြာခင်” နှစ်ဆတိုးပြီး ရှစ်ယောက်ထိ Group Call ခေါ်ဆိုနိုင်တော့မယ်လို့ Facebook ကအတည်ပြုပေးခဲ့ပါတယ်။ အဆိုပါ Feature အသစ်ဟာ App ရဲ့ ဘီတာဗားရှင်းမှာတော့ တွေ့နေရပါပြီ။

Audio သို့မဟုတ် Video ခေါ်ဆိုမှုအားလုံးဟာ End-to-end Encryption ပဲဖြစ်လို့ ပါဝင်ပြောဆိုနေသူတွေမှအပ Facebook နဲ့ WhatsApp တို့ကတောင် မမြင်မကြားနိုင်ဘူးလို့ ဆိုထားပါတယ်။

မကြာသေးခင်ကမှ အသစ်ကြေညာထားတဲ့ Facebook ရဲ့ Messenger Rooms မှာတော့ လူအယောက် ၅၀ ထိ တပြိုင်တည်းတွေ့ဆုံဆက်သွယ်နိုင်ပေမယ့် End-to-end Encryption မဟုတ်တာကြောင့် လူနည်းပြီး လုံခြုံစိတ်ချချင်ရင် WhatsApp မှာပြောပြီး လူအများကြီးဆိုရင်တော့ Messenger Rooms သုံးဆိုတဲ့ သဘောပါပဲ။

စိတ်မကောင်းစရာတစ်ခုက အဆိုပါလုပ်ဆောင်ချက်ကို ဘယ်တော့ထည့်ပေးမယ်ဆိုတာ တိတိကျကျ မပြောသေးပါဘူး။ ဘီတာဗားရှင်းမှာတော့ အသစ်ထည့်ပေးမယ့် လုပ်ဆောင်ချက်ကို အသုံးပြုဖို့ ပါဝင်မယ့် လူရှစ်ယောက်လုံး WhatsApp ရဲ့နောက်ဆုံး Update ကိုတင်ထားဖို့ လိုတယ်ဆိုတာတွေ့ထားရပါတယ်။ ဒါပေမယ့် တကယ်တမ်းထည့်ပေးရင် ဘယ်လိုဖြစ်မယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena