Message တစ်ခု၊ ဒါမှမဟုတ် ဗီဒီယို တစ်ခုကိုပို့လိုက်တယ်။ ကိုယ်ပို့လိုက်တာကို တစ်ဖက်ကမြင်ပြီးသွားချိန်မှာ ဒီ Message ဒါမှမဟုတ် ဗီဒီယိုကို ဆက်ပြီးရှိမနေစေချင်တော့ပဲ ဖျက်ပစ်စေချင်တဲ့ဆန္ဒမျိုး ရှိဖူးကြမှာပါ။ ဒီလိုဆန္ဒမျိုးကို အခြေခံပြီး Snapchat က အကောင်အထည်ဖော်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ Snapchat ရဲ့ အဲဒီအယူအဆကို အခြား Application တွေကလည်း ပုံစံအမျိုးမျိုးနဲ့ အသုံးပြုလာကြပါတယ်။ Facebook က ပိုင်ဆိုင်တဲ့ WhatsApp ကလည်း ဒီလိုမျိုး Message တွေပျောက်သွားတဲ့လုပ်ဆောင်ချက်ကို ထည့်သွင်းလာတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ထည့်သွင်းလိုက်ကြောင်းကို ကုမ္ပဏီကတရားဝင် ကြေညာလိုက်ပါပြီ။

Self-destructing လုပ်ဆောင်ချက်က ရိုးရှင်းတယ်လို့ဆိုနိုင်ပါတယ်။ View Once feature ကို အသုံးပြုပြီးပို့လိုက်တဲ့ ရုပ်ပုံနဲ့ ဗီဒီယိုတွေဟာ တစ်ဘက်လက်ခံသူက တစ်ကြိမ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Media preview လည်း မရှိပါဘူး။ ပို့လိုက်တဲ့ Message ဟာ ပုံလား၊ ဗီဒီယိုလားဆိုတာကို ပြသထားတဲ့ စာသားအရသိရှိနိုင်မှာပါ။

ဒါပေမဲ့ သတိပြုရမှာတစ်ခုက သိပ်ပြီးထိလွယ်ရှလွယ်တဲ့၊ အရေးကြီးလွန်းတဲ့အကြောင်းအရာတွေကိုပေးပို့ဖို့အတွက်တော့ လုံလောက်တဲ့လုံခြုံမှုမရှိဘူးလို့ ဆိုရမှာပါ။ အကြောင်းက လက်ခံသူဟာ ပေးပို့လာတဲ့ ဓါတ်ပုံ၊ ဗီဒီယိုကို Screen shot ဒါမှမဟုတ် အခြားဖုန်းတစ်လုံးလုံးနဲ့ မှတ်တမ်းယူနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီ Feature ကို WhatsApp beta (version 2.21.14.3) မှာ ပြသခဲ့ပြီးဖြစ်ပေမဲ့ အခု (version 2.21.14.24) မှာတော့ Stable version အဖြစ် သုံးစွဲသူတွေအတွက် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Ref: Android Police