WhatsApp ဟာ Facebook က ပိုင်ဆိုင်တဲ့ Messaging App တစ်ခုဖြစ်ပေမယ့် လုံခြုံရေးပိုင်းမှာ စိတ်ချရတဲ့အတွက် လူသုံးများတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် WhatsApp ဟာ လက်ရှိအချိန်မှာ Account တစ်ခုကို Device တစ်ခုမှာပဲ အသုံးပြုနိုင်တဲ့အတွက် Multiple Device ပြုလုပ်ဖို့ကို ဝိုင်းပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းက WhatsApp ကနေ လာမယ့်လပိုင်းအတွင်းမှာ Multiple Device Support ကို တရားဝင်ထုတ်ပေးတော့မယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရှိလာရတဲ့သတင်းအရတော့ Multiple Device Support ကို စောင့်မျှော်နေတဲ့သူတွေ စိတ်ပျက်ရဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် WhatsApp ရဲ့ Multiple Device Support ဟာ ဖုန်း ၂ လုံးကို တပြိုင်တည်း Support ပေးသွားမှာမဟုတ်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ဆီမှာ Android နဲ့ iPhone တစ်လုံးစီရှိနေတယ်ဆိုရင်တောင် ဖုန်းတစ်လုံးထဲမှာပဲ WhatsApp ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် WhatsApp ရဲ့ Multiple Device Support ဟာ အဓိကအနေနဲ့ ဖုန်းတစ်လုံးနဲ့ Desktop ၊ ကွန်ပျူတာနဲ့ Facebook Portal Device တွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အများဆုံးအနေနဲ့ Device ၄ ခုအထိ ချိတ်ဆက်ထားနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဘာပဲဖြစ်ဖြစ် WhatsApp ရဲ့ Multiple Device Support ဟာ တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးတဲ့အတွက် တကယ်တမ်းမိတ်ဆက်လာတဲ့အချိန်မှာတော့ ဒီလိုမျိုး ဖုန်းတစ်လုံးပဲ Support ပေးထားတာကို ပြောင်းလဲနိုင်ခြေရှိနေပါသေးတယ်။

Ref – Android Police