WhatsApp ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Cross-platform ပါဝင်တဲ့ Messaging App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ အဓိက OS ကြီးတွေဖြစ်ကြတဲ့ Android နဲ့ iOS နှစ်မျိုးစလုံးကို ကောင်းမွန်စွာထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် KaiOS feature ဖုန်းတွေကိုလည်း ထောက်ပံ့ပေးပါတယ်။

ဒါပေမယ့်လည်း တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ အရမ်းကိုဟောင်းနေတာတွေတချို့အတွက်တော့ နောက်ကျကျန်ခဲ့ရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း Facebook ကပိုင်ဆိုင်တဲ့ ဝန်ဆောင်မှုပလက်ဖောင်းအနေနဲ့လည်း အဟောင်းတွေကို ထောက်ပံ့နေတာတချို့ ရပ်တန့်လိုက်ရပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုရပ်တန့်လိုက်ပြီလို့ ကုမ္ပဏီကကြေညာခဲ့တဲ့ iOS နဲ့ Android ဗားရှင်းတွေကတော့ Android 4.0.2 နဲ့ iOS 8 တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗားရှင်းရဲ့ အထက်ပိုင်းပဲ ဆက်လက်ဝန်ဆောင်မှု ရရှိတော့မှာ ဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူရဲ့ စမတ်ဖုန်းဟာ Android 4.0.3 Ice Cream Sandwich ဒါမှမဟုတ် iOS 9 ဆိုရင်တော့ WhatsApp ကို ဆက်ပြီး အသုံးပြုလို့ရနေဦးမှာပါ။

လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Low-end android စမတ်ဖုန်းတွေအနေနဲ့လည်း OS ဗားရှင်းအသစ်တွေနဲ့ပဲဖြစ်တာကြောင့် WhatsApp ရဲ့ ထောက်ပံ့မှုကို အများစုကသုံးစွဲနိုင်မယ်လို့ ယုံကြည်ရပါတယ်။ WhatsApp သုံးလို့မရနိုင်မယ့် စမတ်ဖုန်းတွေကတော့ Apple iPhone 4 နဲ့ အောက်၊ Samsung Galaxy S2, HTC Desire, LG Optimus Black နဲ့ Motorola Droid Razr တို့ ဖြစ်ပါတယ်။

Ref: Gizmochina