Facebook ကပိုင်ဆိုင်တဲ့ Messaging Service တစ်ခုဖြစ်တဲ့ WhatsApp ဟာ အခုဆိုရင် တကမ္ဘာလုံးမှာအသုံးပြုသူ ၂ ဘီလီယံအထိ ရှိသွားပြီဖြစ်ပါတယ်။ အဆိုပါ ကြေညာချက်ကို WhatsApp ကုမ္ပဏီကိုယ်တိုင်ကနေ Blog Post အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

WhatsApp ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အသုံးပြုသူ ၁ ဘီလီယံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ၁.၅ ဘီလီယံအထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး အချိန် ၂ နှစ်အတွင်းမှာ နောက်ထပ် အသုံးပြုသူ သန်း ၅၀၀ ကျော်တိုးလာတာက တကယ်ကို အံ့သြစရာပါ။

လက်ရှိအချိန်မှာ Facebook ဟာ အသုံးပြုသူ ၂.၅ ဘီလီယံနဲ့ရပ်တည်နေတယ်ဆိုပေမယ့် အခုအတိုင်းဆိုရင် WhatsApp ကို အသုံးပြုသူက ပိုပြီးများပြားလာနိုင်ခြေရှိနေပါတယ်။ တဖက်မှာတော့ Facebook က ပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်တဲ့ Instagram ကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၈ ခုနှစ်တုန်းက အသုံးပြုသူ ၁ ဘီလီယံပဲ ရှိနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် WhatsApp အနေနဲ့ အခုလိုမျိုး အသုံးပြုသူများပြားလာတာက အဓိကအနေနဲ့ End-to-End Encryption ကို အပြည့်အဝ Support ပေးတဲ့အတွက်ကြောင့်လို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး Encryption ကို အသုံးပြုထားတဲ့အတွက် ပြစ်မှုတွေ၊ အကြမ်းဖက်မှုကိစ္စရပ်တွေမှာ Message တွေကို ဖတ်လို့မရတာကြောင့်လည်း WhatsApp ဟာ အစိုးရနဲ့ ဥပဒေဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကိုခံနေရတာလည်းဖြစ်ပါတယ်။

WhatsApp ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Will Cathcart ကတော့ ကုမ္ပဏီအနေနဲ့ Encryption ကို ဖယ်ရှားသွားဖို့အစီအစဥ်မရှိသလို တကယ်လို့ စုံစမ်းစစ်ဆေးစရာကိစ္စတွေရှိလာတဲ့အချိန်ကြရင်တော့ အသုံးဝင်နိုင်မယ့် Metadata တွေကိုပဲ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် WhatsApp ဟာ လက်ရှိလူသုံးအများဆုံး Messaging Service တစ်ခုဖြစ်လာပြီလို့တောင် ပြောရမှာပါ။

Ref – The Verge