Tesla ဆိုတာ နည်းပညာလောကမှာ အောင်လံချိုးခါးထိုးပြီး လက်ခမောင်းခတ်နေတဲ့ အမှတ်တံဆိပ်။ Samsung ဆိုတာကလည်း အာရှကျား။ အခု Tesla ရဲ့ ထုတ်ကုန်တွေမှာ Samsung ရဲ့ ထုတ်ကုန်တွေက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေဖို့ အတော်လေးအလားအလာကောင်းနေတယ်လို့ ဆိုရပါမယ်။

လွန်ခဲ့တဲ့နှစ်တုန်းက Samsung ဟာ ကမ္ဘာ့အကြီးဆုံး EV (electric vehicle) ထုတ်လုပ်သူ Tesla အတွက် ကင်မရာပေးသွင်းသူဖြစ်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ တစ်နှစ်နီးပါးကြာသွားတဲ့အထိ နောက်ဆက်တွဲသတင်းမကြားရပေမဲ့ အခုတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက သူတို့ဟာ Tesla နဲ့ ဆွေးနွေးနေတာ အမှန်ဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပါပြီ။

Samsung Electro-Mechanics က သူတို့ဟာ EV ထုတ်လုပ်သူနဲ့ အဆက်အသွယ်ရှိပြီး ကင်မရာရောင်းချသူအဖြစ် အလားအလာရှိတယ်လို့ ထုတ်ပြောခဲ့တာပါ။ ဆွေးနွေးမှုတွေက ပဏာမပဲဖြစ်ပုံရပါသေးတယ်။ အသေးစိတ်မဟုတ်သေးတာကြောင့် စာချုပ်က ဘယ်လောက်ကြီးတယ်၊ အသေးစိတ်အချက်အလက်တွေက ဘာတွေရှိတယ်ဆိုတာကို မသိနိုင်သေးပါဘူး။

ဒါပေမဲ့ Samsung က “သူ့ရဲ့ ကင်မရာ Modules တွေကို တိုးမြှင့်တာနဲ့ ကွဲပြားအောင်ပြုလုပ်တာ” တွေကို ဆက်ပြီးပြုလုပ်နေတယ်ဆိုတဲ့အကြောင်း စည်းမျဉ်းဖိုင်မှာ အတည်ပြုခဲ့ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မော်တော်ကားတွေအတွက် သူ့ရဲ့ ပထမဆုံး ကင်မရာအာရုံခံကိရိယာဖြစ်တဲ့ ISOCELL Auto 4AC ကို မိတ်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Samsung ဟာ Tesla Cybertruck အတွက် ကင်မရာတွေထောက်ပံ့ဖို့ Tesla နဲ့ ဒေါ်လာ ၄၃၆ သန်း တန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ ဒီနှစ်အစောပိုင်းမှာတော့ Samsung Electro-Mechanics က LG Innotek ကို ကျော်ဖြတ်ပြီး Cybertruck ကင်မရာစာချုပ်ကို ရယူနိုင်ခဲ့တယ်လို့ သတင်းထပ်ထွက်ခဲ့ပါတယ်။

အခုတော့ Samsung က လျှို့ဝှက်ချက်ကို ဖွင့်ပြောခဲ့ပါပြီ။ ဒါပေမဲ့ စာချုပ်တန်ဖိုးက ဒေါ်လာ ၄၃၆ သန်း ဟုတ်၊ မဟုတ် မသိရသေးပါဘူး။ မကြာသေးခင်က ဖော်ပြခဲ့တဲ့ Reuters ရဲ့ သတင်းမှာလည်း Tesla ဟာ လာမဲ့ Cybertruck ဒါမှမဟုတ် အခြား EV တွေအတွက် Samsung ရဲ့ ကင်မရာတွေကို အသုံးပြုမယ်လို့ တိတိကျကျဖော်ပြထားတာ မတွေ့ရပါဘူး။

Tesla ရဲ့ CEO Elon Musk ကတော့ Cybertruck ကို ၂၀၂၃ ခုနှစ် နှစ်လယ်မှာ ထုတ်လုပ်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။ အဲဒီအချိန်က အချိန်ကောင်းဖြစ်နိုင်တယ်လို့ ရည်ညွှန်းခဲ့တာပါ။ Samsung ဘက်က Tesla နဲ့ ဆွေးနွေးနေတယ်လို့ ထုတ်ပြောတာက အတော်လေးခရီးပေါက်နေလို့ ထုတ်ပြောတာလည်း ဖြစ်နိုင်ပါတယ်။ စာဖတ်သူတွေရဲ့ အမြင်ရော ဘယ်လိုရှိပါသလဲ။

Ref: sammobile