Microsoft က ပြီးခဲ့တဲ့ Event မှာ Windows 11 ကို မိတ်ဆက်သွားပေမဲ့ ဘယ်နေ့ဘယ်ရက်မှာ ဖြန့်ချိမလဲဆိုတာကိုတော့ တရားဝင်ကြေညာသွားခြင်းမရှိသေးပါဘူး။ အွန်လိုင်းပေါ်မှာပျံ့နှံ့သွားတဲ့ ISO ဖိုင်ကြောင့်လည်း Windows 11 ဟာ ပိုပြီးတော့ စိတ်ဝင်စားခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။

Event မှာပြောသွားတာက Windows 10 user တွေအနေနဲ့ Windows 11 ကို အခမဲ့ Update ပြုလုပ်နိုင်မယ်ဆိုတာနဲ့ Windows သစ်ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ချိမယ်ဆိုတာပါ။ ဒါပေမဲ့ Official Preview ကို လာမဲ့ရက်အနည်းငယ်အတွင်းမှာ ဖြန့်ချိသွားမယ်လို့သိရပါတယ်။ ဒါကြောင့် မစောင့်ချင်ဘူးဆိုရင်တော့ Official beta build ကို ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Windows 11 Public Launch ဟာ လာမဲ့အောက်တိုဘာလအတွင်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ကုမ္ပဏီရဲ့ YouTube channel မှာထုတ်လွှင့်တဲ့ Teaser ထဲမှာ Windows 11 ဖြန့်ချိမဲ့ရက်ကို အရိပ်အမြွက်ပြသွားတာကြောင့်ပါပဲ။ အမိအရရိုက်ကူးထားတဲ့ Screen Shot မှာတွေ့မြင်ရတာက On This Day က အောက်တိုဘာလ ၂၀ ရက်နေ့ဖြစ်ပါတယ်။ ဒါကို ခိုင်လုံတဲ့အထောက်အထားအဖြစ် တရားသေစွဲမှတ်ယုံကြည်လို့မရဘူးဆိုပေမဲ့၊ ဒီလိုမျိုး Tease လုပ်တာက ဟိုအရင်တုန်းကလည်း လုပ်ခဲ့ဖူးပါတယ်။

နောက်တစ်ချက်ကတော့ Walmart ရဲ့ Listing ကတစ်ဆင့် တွေ့မြင်ရတဲ့အချက်ဖြစ်ပါတယ်။ Walmart ကတစ်ဆင့် မြင်တွေ့ရတာက Free Upgrade to Windows October 21 when available ဆိုတဲ့ စာသားပါပဲ။ ဒါကြောင့် အောက်တိုဘာ ၂၀ ဟာ Windows 11 final version အစောဆုံးထွက်နိုင်တဲ့ရက်လို့ တွက်ဆရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နိုင်တာကတော့ ၂၀၂၂ ခုနှစ်အစောပိုင်းလောက်မှ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Microsoft ဟာ ကွန်ပျူတာ ထုတ်လုပ်မှုလုပ်ငန်းကြီးတွေအတွက် Final version နီးပါးလောက်ဖြစ်နေတဲ့ OS ကို ထုတ်ပေးပြီးဖြစ်ပါတယ်။ Windows 11 ဟာ ဒီဇိုင်းပိုင်းပြုပြင်မှုကို အတော်လေးဂရုစိုက်ထားတဲ့ပုံစံဖြစ်ပါတယ်။ ပုံစံသစ်နဲ့ Start Menu, Widgets သစ်၊ Grid Layout သစ်၊ စတာတွေအပြင် ပြောင်းလဲမှုအတော်များများကို တွေ့ရပါတယ်။

Ref: GSM Arena