Microsoft ဟာ Windows 11 ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း Windows 11 မှာပါဝင်လာမယ့် Feature အသစ်တွေဟာ အခုမှ တဖြည်းဖြည်း အသေးစိတ်သိရှိလာရပြီးတော့ အခုလည်း Laptop တွေအတွက် အလွန်အသုံးဝင်မယ့် Feature တစ်ခုပါဝင်လာဦးမှာဖြစ်ပါတယ်။

ဒါကတော့ Dynamic Refresh Rate (DRR) လို့ နာမည်ပေးထားတဲ့ Feature ဖြစ်ပြီး အသုံးပြုနေတဲ့ Application ပေါ်မှုတည်ပြီးတော့ Screen Refresh Rate ကို အလိုအလျောက် ချိန်ညှိပေးသွားမှာပဲဖြစ်ပါတယ်။ Microsoft ရဲ့ ပြောကြားချက်အရတော့ ဒီ Feature ဟာ High Refresh Rate ပါဝင်တဲ့ Laptop တွေအတွက် Battery စားသုံးမှုကို သိသိသာသာလျော့ချပေးနိုင်မယ်လို့ သိရပါတယ်။

လက်ရှိ Windows 10 မှာဆိုရင် Refresh Rate ကို 60Hz သို့မဟုတ် 120Hz လိုမျိုး Laptop က Support ပေးတဲ့အမြင့်ဆုံး Refresh Rate ထဲက တစ်ခုကိုပဲ ရွေးချယ်နိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် High Refresh Rate နဲ့ အသုံးပြုမယ်ဆိုရင် Scrolling ၊ Animation နဲ့ အသုံးပြုရတာက ပိုပြီး Smooth ဖြစ်ပေမယ့် Battery စားသုံးမှုမြင့်မားနေမှာဖြစ်ပါတယ်။

Windows 11 မှာပါဝင်လာာမယ့် Dynamic Refresh Rate Feature ကို အသုံးပြုဖို့အတွက် Screen Refresh Rate က အနည်းဆုံး 120Hz ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ ပုံမှန် Email နဲ့ Document တွေအသုံးပြုနေတဲ့အချိန်မှာ 60Hz နဲ့ပဲ အလုပ်လုပ်မှာဖြစ်ပြီး စတင် Scrolling နဲ့ Web Browsing လိုမျိုးပြုလုပ်လိုက်တာနဲ့ 120Hz Refresh Rate ကို အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး Dynamic Refresh Rate Feature ဟာ လောလောဆယ်မှာ Microsoft App အများအပြားမှာပဲ အလုပ်လုပ်ဦးမှာဖြစ်ပြီး ကျန်တဲ့ Application တွေကလည်း Support ပေးဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ တချို့သော Laptop တွေအတွက် Graphic Display Driver အသစ်ဖြစ်တဲ့ WDDM 3.0 ရှိဖို့ လိုအပ်မှာဖြစ်သလို Display Panel ကလည်း Variable Refresh Rate ကို Support ပေးနိုင်ဖို့လိုအပ်ပါသေးတယ်။

ဖြစ်နိုင်တာတစ်ခုကတော့ Microsoft ကနေ အခုလိုမျိုး Windows 11 မှာ Dynamic Refresh Rate Feature ကို ထည့်သွင်းပေးလိုက်တာက မကြာခင်ထွက်ရှိလာမယ့် Surface Pro Tablet အသစ်တွေမှာလည်း 120Hz Display တွေပါဝင်လာမယ်လို့ အတည်ပြုလိုက်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် လက်ရှိ Apple iPad Pro တွေဟာ 120Hz ProMotion Display ပါဝင်တဲ့အတွက် Microsoft အနေနဲ့ Surface Pro Tablet တွေကို လိုက်ပြီးအဆင့်မြှင့်တင်တော့မယ်လို့ ယူဆရပါတယ်။

Ref – The Verge