Microsoft ရဲ့ Internet Explorer လို့ဆိုလိုက်တာနဲ့ လက်ရှိတခြားသော Web Browser တွေထက် ပိုနှေးပြီး Windows OS မှာ Default ပါနေကျ Browser တစ်ခုဆိုပြီး တန်းမြင်ကြမှာပါ။ Microsoft ကနေ အဆိုပါ Internet Explorer အစား Microsoft Edge ကို ပြောင်းလဲထုတ်လုပ်ထားပြီးဖြစ်သလို အခုထွက်ရှိထားတဲ့သတင်းအရ Windows 11 မှာ လုံးဝဖြုတ်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft ဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ Internet Explorer ကို အပြီးတိုင်ရပ်ဆိုင်းဖို့ စီစဥ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း Support ပေးထားခြင်းမရှိတော့ဘူးလို့တောင် ပြောနိုင်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး Windows 11 မှာ Default အနေနဲ့ ထည့်သွင်းထားခြင်းမရှိတော့ဘူးဆိုတာက လူတိုင်းအတွက် ပိုပြီး အဆင်ပြေစေမှာပါ။

Internet Explorer အစား Microsoft Edge ဟာ Windows 11 ရဲ့ Default Browser ဖြစ်လာမယ်လို့ သိရပြီး ယခင် IE Mode နဲ့ အသုံးပြုရတဲ့ MSHTML Engine ကိုလည်း Microsoft Edge ထဲမှာ ပြောင်းလဲထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒီလိုမျိုး Windows 11 မှာ ဖြုတ်ချထားပေမယ့်လည်း တကယ်လို့ Windows 10 ကနေ Upgrade ပြုလုပ်မယ်ဆိုရင် ဆက်လက်မြင်တွေ့ရဖွယ်ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Windows 95 OEM Service Release 2.5 နဲ့အတူ Internet Explorer ကို ပထမဆုံးအချိန် Windows ထဲမှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဆက်တိုက် နှစ် ၂၀ ကျော် Windows OS တိုင်းမှာ Internet Explorer ဟာ မပါမဖြစ် Default Browser ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Microsoft ကနေ ပြောင်းလဲထုတ်လုပ်ထားတဲ့ Microsoft Edge Browser ဟာ Google Chromium Engine ကိုပဲ အသုံးပြုထားသလို Feature ပိုင်းနဲ့ အမြန်နှုန်းမှာလည်း တော်တော်လေးကို ကောင်းမွန်နေပါတယ်။ RAM Usage ကလည်း Google Chrome နဲ့ယှဥ်ရင် နည်းပါးတဲ့အတွက် RAM နည်းပါးတဲ့ PC တွေအတွက် အကောင်းဆုံး Browser တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

Ref – The Verge