Microsoft ရဲ့ Windows 11 ကို တရားဝင်မိတ်ဆက်မဲ့ Event က ရက်ပိုင်းပဲလိုတော့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ Windows 11 ISO ဖိုင် ပေါက်ကြားထွက်ပေါ်ခဲ့ပြီးတဲ့နောက် Windows သစ်အကြောင်းက အတော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရပါတယ်။

Microsoft က ပေါက်ကြားထားတဲ့ Windows 11 ISO ဖိုင်တွေကို အင်တာနက်ပေါ်ကနေ ဖယ်ရှားဖို့ကြိုးစားနေတာက ဒီ Windows သစ်အကြောင်း Promotion လုပ်ပေးနေသလိုတောင် ဖြစ်သွားတယ်လို့ ထင်ရပါတယ်။ အကြောင်းကတော့ သုံးစွဲသူတွေကြားမှာ Windows သစ်အကြောင်း သိချင်စိတ်တွေ ပိုပြီးပေါ်ပေါက်လာကြလို့ပဲ ဖြစ်ပါတယ်။

အခုလည်း Windows 11 မှာ ပါဝင်လာမဲ့ Multi-monitor setting အကြောင်းသတင်း ထွက်ပေါ်လာပြန်ပါပြီ။ ဒါဟာ Windows 10 ရဲ့ လိုအပ်ချက်တစ်ခုလိုဖြစ်နေတဲ့ Multi-monitor experience ကို Windows 11 မှာ သိသိသာသာ တိုးမြှင့်ပေးနိုင်ပြီလို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် ၂၀၂၁ လိုမျိုး မော်နီတာ တစ်လုံးထက်ပိုပြီး သုံးစွဲမှုတွင်ကျယ်လာတဲ့ ခေတ်မှာ Multi-monitor experience က တိုးတက်ဖို့လိုအပ်နေတာလည်း အမှန်ပဲ ဖြစ်ပါတယ်။

ပေါက်ကြားထားတဲ့ Windows 11 build မှာတွေ့မြင်ရတာက Multiple displays အောက်မှာ Remember window locations on monitor connection နဲ့ Minimize windows when a monitor is disconnected ဆိုတဲ့ Option နှစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် PC ကို ပိတ်ပြီး ပြန်ဖွင့်ချိန်မှာ မော်နီတာနှစ်ခုစလုံးကို ချိတ်ဆက်ထားတာကို Windows က ပြန်ပြီးမှတ်မိနေမှာ ဖြစ်ပါတယ်။

Ref: GSM Arena