Xiaomi ဟာ အခုနောက်ဆုံးထွက် Mi 11 ကိုရောင်းတော့ ဘူးထဲမှာ Charger ထည့်မပေးလိုက်ပါဘူး။ အနိမ့်ဆုံးဈေးနှုန်း ၈ သိန်းကျော်ကစတဲ့ Flagship ဖုန်းမှာ Charger ထည့်မပေးဘူးဆိုပေမယ့် ဒီဟန်းဆက်နဲ့ အဆင်ပြေပြေသုံးလို့ရမယ့် 55W charger ထုတ်ရောင်းလာတာကို တွေ့ရပါတယ်။

55W GaN charger ဟာ တန်ဖိုးအားဖြင့် မြန်မာငွေ ၂ သောင်းဝန်းကျင်ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်ရဲ့ အထင်ကရဖြစ်တဲ့ JD.com မှာ ၉၉ ယွမ်နဲ့ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီ Charger ဟာ လက်ရှိဈေးကွက်ထဲက အခြား Charger တွေလိုပဲ Xiaomi ရဲ့ Gallium nitride semiconductors ကိုအသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဂယ်လီယမ်နိုက်ထရိတ် Semiconductor material တွေကိုအသုံးပြုခြင်းအားဖြင့် အပူစီးကူးမှုမှာ သာမန်ထက်ကောင်းမွန်ခြင်း၊ အပူချိန်မြင့်မားမှုကို ခံနိုင်ရည်ရှိခြင်း၊ အက်စစ်နဲ့ အယ်လ်ကာလီတွေကို ခံနိုင်ရည်ရှိခြင်းနဲ့ အားသွင်းစက်ရဲ့အရွယ်အစားကို များစွာလျှော့ချနိုင်ခြင်း၊ စတဲ့အားသာချက်တွေကို ဖြစ်ပေါ်စေပါတယ်။

Xiaomi ရဲ့ 55W GaN charger ဟာ Mi 11 အတွက် မြန်နှုန်း 55W နဲ့ Mi 10 အတွက် 30W, Redmi K30 Pro အတွက် 33W စသဖြင့် အသီးသီးထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ Xiaomi ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

Ref: Gizmochina