Xiaomi ဟာ ကိုယ်ပိုင်လျှပ်စစ်ကား (EV) ကို မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပြီး ဆက်တိုက်ကို လမ်းပေါ်မှာ စမ်းသပ်နေတဲ့ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုလည်း Xiaomi EV ကား ၂ စီးကို တရုတ်နိုင်ငံမှာ ရာသီဥတုဒါဏ်ခံနိုင်မှုရှိမရှိ မောင်းနှင်စစ်ဆေးနေတဲ့ဓါတ်ပုံတွေထပ်မံထွက်ပေါ်လာပါတယ်။

Xiaomi ဟာ အဆိုပါ EV ကား ၂ စီးကို အအေးဒါဏ်ဘယ်လောက်ထိခံနိုင်ခြင်းရှိမရှိ သိရှိဖို့အတွက် နှင်းထူထပ်စွာကျဆင်းနေတဲ့အချိန်မှာ စမ်းသပ်ခဲ့တာဖြစ်နိုင်ပါတယ်။ ထူးခြားချက်တစ်ခုက CEO ဖြစ်တဲ့ Lei Jun ကိုယ်တိုင်စီးနင်းပြီး စမ်းသပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် အခု EV ကားအသစ်တွေကို မိတ်ဆက်ဖို့အတွက် Xiaomi က သေချာကိုကြိုးစားဆောင်ရွက်နေတယ်လို့ ယူဆရပြီး မိတ်ဆက်မယ့်အချိန်ကလည်း နီးကပ်နေပြီလို့ ခန့်မှန်းရပါတယ်။ ကားဒီဇိုင်းအတိအကျကို မမြင်ရအောင် အပေါ်ကဖုံးအုပ်ထားပေမယ့် Xiaomi EV ကားအသစ်တွေဟာ Tesla Model S လိုမျိုး Sport Sedan အမျိုးအစားဖြစ်လာမှာပါ။

ဓါတ်ပုံတွေအရ Xiaomi ဟာ အဆိုပါ EV ကားတွေရဲ့ ခေါင်မိုးမှာ LiDAR Sensor နည်းပညာတွေကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Xiaomi EV ကားတွေမှာ အလိုအလျောက်မောင်းနှင်နိုင်မယ့် Self Driving သို့မဟုတ် Autonomous Driving နည်းပညာတွေပါဝင်လာဖို့ သေချာသွားပါပြီ။ Model အနေနဲ့ တစ်မျိုးပဲ အရင်မိတ်ဆက်သွားမှာဖြစ်ပြီး မတူညီတဲ့ Version ၂ မျိုးထပ်မံခွဲခြားပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Xiaomi ဟာ ယခုနှစ်အတွင်းမှာ အဆိုပါ EV ကားအသစ်ကို မိတ်ဆက်သွားဖို့ စီစဥ်ထားပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China