Xiaomi ဟာ ယခုနှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ လျှပ်စစ်ကား (EV) ကို မိတ်ဆက်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်ရောင်းချသွားဖို့စီစဥ်ထားပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ Xiaomi EV ကားဒီဇိုင်းဓါတ်ပုံတွေ၊ အပြင်မှာ စမ်းသပ်နေတဲ့ဓါတ်ပုံတွေက ဆက်တိုက်ပေါက်ကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Xiaomi EV ရဲ့ အရှေ့ဘက် နဲ့ အနောက်ဘက်ကားဘန်ဘာပုံစံဒီဇိုင်းဓါတ်ပုံတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုပါ Xiaomi EV ရဲ့ ဘန်ဘာဒီဇိုင်းတွေဟာ Tesla ကနေ ထုတ်လုပ်ထားတဲ့ Model 3 EV ကားနဲ့ တော်တော်လေးဆင်တူနေတာဖြစ်ပါတယ်။ ဒါကြောင့် Xiaomi EV အပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ Xiaomi PR Department ရဲ့ General Manager ကိုယ်တိုင်က အဆိုပါ ထွက်ပေါ်ခဲ့တဲ့ ဒီဇိုင်းဓါတ်ပုံတွေဟာ အစောပိုင်းတုန်းက ဓါတ်ပုံတွေသာဖြစ်တယ်ဆိုပြီး တရားဝင်ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ဘန်ဘာဒီဇိုင်းတွေဟာ တရုတ်နိုင်ငံအတွင်းမှာ ကားအစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတဲ့ BAIC Molding ကုမ္ပဏီကနေ တင်သွင်းတဲ့ ဒီဇိုင်းတွေဖြစ်ပြီး Xiaomi ကနေ ဒီဇိုင်းဆွဲထားတာမဟုတ်ဘူးလို့လည်း ထပ်မံထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့် Xiaomi EV ကားဟာ Tesla နဲ့ဆင်တူမှာမဟုတ်တော့ဘဲ ကိုယ်ပိုင် ဒီဇိုင်းနဲ့ပဲ ထွက်ရှိလာမှာက သေချာသွားပြီဖြစ်ပါတယ်။ Xiaomi EV ဟာ ဆလွန်းကား (Sedan) ပုံစံနဲ့ပဲ အရင်ဆုံးထွက်ရှိလာမှာဖြစ်ပြီး စျေးနှုန်းနဲ့ Specification မတူညီတဲ့ Version ၂ မျိုး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – Arena EV