နည်းပညာတွေတိုးတက်လာတာနဲ့အမျှ၊ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့ဂေဟစနစ်ကို ထိခိုက်စေမယ့်လုပ်ရပ်တွေကို တတ်နိုင်သမျှ လျှော့ချလာကြတာကို တွေ့နိုင်ပါတယ်။ ဒီထဲမှာ ကာဗွန်၊ ပလတ်စတစ် စတာတွေကို လျှော့ချသုံးစွဲနိုင်ဖို့ ကြိုးပမ်းနေကြတာတွေက ထင်သာမြင်သာရှိပါတယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Xaiomi ဟာ သူ့ရဲ့ ထုတ်ကုန်တွေရဲ့ ထုတ်ပိုးမှုမှာ ပလတ်စတစ်အသုံးပြုခြင်းကို ၆၀% အထိ လျှော့ချမယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ကို ဥရောပမှာ စတင်နေပြီလို့လည်း တွစ်တာကတစ်ဆင့် အသိပေးလာပါတယ်။ ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်းလှုပ်ရှားမှုကို Xiomi Mi 10T Lite နဲ့အတူ စတင်မယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့် တစ်ခုသတိထားရမှာက ကုမ္ပဏီက ရည်ညွှန်းတာဟာ ထုတ်ပိုးမှုအတွက်အသုံးပြုတဲ့ ပလတ်စတစ်ကိုပဲ လျှော့ချမှာဖြစ်ပါတယ်။ ဒါကြောင့် ဘူးခွံတွေမှာပဲ ပလတ်စတစ်လျှော့သုံးမှာဖြစ်ပြီး၊ အတွင်းကပါဝင်ပစ္စည်းတွေဖြစ်တဲ့ Charger တို့၊ USB-C cable တို့ စတာတွေအတွက်တော့ အရင်အတိုင်း ဆက်သုံးနေဦးမယ်လို့ ယူဆရပါတယ်။ ဒီအတွက် Mi 10T Lite အနေနဲ့ ပုံမှန် Accessories တွေနဲ့ပဲ ဈေးကွက်ထဲရောက်လာဖွယ် ရှိပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်တော့ Xiaomi ရဲ့ ဒီလှုပ်ရှားမှုဟာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကိုအကြောင်းပြပြီး၊ In-box charger နဲ့ Headset တွေကို ဖယ်ရှားလိုက်တဲ့ Apple ကို ခပ်ပါးပါးလေး “ဆွ” လိုက်တာလို့ ဆိုနိုင်ပါတယ်။ Xiaomi အနေနဲ့ ထုတ်ပိုးမှုအတွက်သုံးတဲ့ ပလတ်စတစ်ကို ၆၀% လျှော့သုံးတာက ဘယ်လောက်အထိ သက်ရောက်မှုကြီးမားမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။

Ref: GSM Arena