Xiaomi ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက ပထမဆုံး Slider Design နဲ့ 5G ဖုန်းတစ်လုံးဖြစ်တဲ့ Mi Mix 3 5G ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi Mix 3 5G ဖုန်းဟာ Xiaomi ရဲ့ Flagship ဖုန်းတစ်လုံးဖြစ်သလို ထွက်ရှိခဲ့တာလည်း ၁၈ လခန့်ရှိနေပြီဆိုပေမယ့် အခုအချိန်အထိ Software Update ကြီးကြီးမားမားရရှိသေးခြင်းမရှိပါဘူး။

အဲ့ဒီအတွက် Mi Mix 3 5G ဖုန်းဟာ ထွက်ရှိတုန်းကအတိုင်းပဲ Android 9 Pie နဲ့အတူ MIUI 10 ကိုပဲ အသုံးပြုနေရတာဖြစ်ပါတယ်။ လက်ရှိတခြားသော Xiaomi ဖုန်းတွေအနေနဲ့ MIUI 11 နဲ့ Android 10 OS ကို Update ပြုလုပ်နိုင်နေပေမယ့် Mi Mix 3 5G ဖုန်းကတော့ ကျန်နေခဲ့တယ်လို့ ပြောရမှာပါ။

အခုလည်း Xiaomi ကနေ Mi Mix 3 5G အတွက် Update ရရှိမယ့် အချိန်ကို Support Email ကနေ တစ်ဆင့်အတည်ပြုပြောကြားခဲ့လိုက်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရတော့ လာမယ့် အောက်တိုဘာလမှာ Mi Mix 3 5G ဖုန်းဟာ MIUI 12 Stable Update ကို ရရှိသွားမှာဖြစ်ပြီး Android 10 Update ကတော့ ရရှိတော့မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် လတ်တလောမှာလည်း Mi Mix 3 5G ဖုန်းဟာ MIUI 11 Update ရရှိမှာမဟုတ်တော့ဘဲ အောက်တိုဘာလကြမှ MIUI 12 Update ရရှိမှာဖြစ်သလို Flagship ဖုန်းတစ်လုံးဖြစ်နေပေမယ့်လည်း Android 9 OS ကနေ ထပ်ပြီး Major Android Update ရရှိတော့မှာမဟုတ်ပါဘူး။

Ref – Notebook Check