ဘောင်ပျောက် စမတ်ဖုန်းတွေ ဖန်တီးလာတဲ့အခါမှာ ဆဲလ်ဖီး ကင်မရာတွေရဲ့ နေရာအတွက် ခေါင်းစားလာကြပါတယ်။ အဲဒီအတွက် Notch , Punch Hole နဲ့ Pop Up တွေကို အသုံးပြုလာကြပါတယ်။ နောက်ထပ် နည်းလမ်း ၁ ခုက မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာကို ထားရှိတာပါ။ ဒါပေမယ့် အဲဒီနည်းပညာကို ဖန်တီးဖို့ ထင်သလောက် မလွယ်ပါဘူး။ ZTE ကတော့ အားလုံးကို ကျော်တက်ပြီး နောက်လ ၁ ရက်နေ့မှာ အဲဒီ နည်းပညာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာတော့မှာပါ။

အဲဒီအတွက် တခြား ဖုန်း ကုမ္ပဏီတွေကလည်း နောက်ကျမကျန်ခဲ့အောင် အပူတပြင်း ကြိုးစားနေကြပါပြီ။ အခုတော့ Xiaomi ရဲ့ ဒုတိယ ဥက္ကဌက သူတို့ရဲ့ တတိယမျိုးဆက် မျက်နှာပြင်အောက် အရှေ့ ကင်မရာ နည်းပညာကို ဝီဘိုမှာ ပြသလိုက်ပြီး အမြောက်အများထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောလိုက်တဲ့အတွက် အဲဒီ နည်းပညာပါတဲ့ Xiaomi ဖုန်းတွေ မကြာခင် ထွက်လာတော့မှာပါ။ သူက အဲဒီနည်းပညာရဲ့ အလုပ်လုပ်ပုံကိုလည်း ဗီဒီယို ၁ ခုနဲ့ ရှင်းပြခဲ့ပါတယ်။

Xiaomi ရဲ့ ပထမမျိုုးဆက် နည်းပညာဟာ Lab ထဲက အဆင့်ပဲ ရှိပြီး ဒုတိယမျိုးဆက်ကတော့ ကင်မရာနဲ့ မျက်နှာပြင်ပဲပါတဲ့ နမူနာ ဖုန်းမော်ဒယ်အဆင့်ပဲ ရှိပါတယ်။ တတိယမျိုးဆက်ကတော့ ဖုန်းထဲမှာ ထည့်သွင်းပြီး ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ သဘောပါ။

Xiaomi က ဝီဘိုမှာ အဲဒီနည်းပညာ အလုပ်လုပ်ပုံကို ရှင်းပြတဲ့ ပို့စ် ၁ ခုကိုလည်း သီးခြားတင်ထားပါတယ်။ မျက်နှာပြင်အောက် ကင်မရာ ထည့်သွင်းတဲ့ နည်းပညာရဲ့ အဓိက စိန်ခေါ်မှုက မျက်နှာပြင်ကို ဖြတ်ရတဲ့အတွက် ကင်မရာကို အလင်းရောက်ရှိတာ နည်းသွားတာပါ။ အဲဒီအတွက် ဓါတ်ပုံတွေရဲ့ အရည်အသွေးဟာ ကျဆင်းသွားတာပါ။ Xiaomi က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကင်မရာ အထက်က စက်ဝိုင်း ဧရိယာ မျက်နှာပြင်ရဲ့ Pixel Density ကို လျှော့ချထားပါတယ်။ ဒါဆိုရင်တော့ ကင်မရာဆီကို အလင်းရောက်တာ နည်းပါးတဲ့ ပြဿနာ ပြေလည်သွားပါပြီ။

နောက် ပြဿနာ ၁ ခုက Pixel Density လျှော့ချထားတဲ့အတွက် အဲဒီဧရိယာပေါ်က ရုပ်ထွက်က အားနည်းသွားတာပါ။ ဒါကို Xiaomi က ဒီလို ဖြေရှင်းထားပါတယ်။ မျက်နှာပြင်ဟာ ကင်မရာ အထက်က စက်ဝိုင်းဧရိယာ သေးသေးလေးမှာ Pixel ကို ၂ ဆပွားစေပြီး ကျန်မျက်နှာပြင်က Pixel Density ,  Color Accuracy နဲ့တူအောင် ဖန်တီးပေးနိုင်ပါတယ်။ ကင်မရာ မသုံးတဲ့အချိန်မှာ ဘေးနားက Pixel တွေဆီက အရောင်ကို ငှားယူ အသုံးပြုတာ ဖြစ်ပါတယ်။ ကင်မရာကို ဖွင့်လိုက်ရင်တော့ Pixel Density ကို ပြန်လျှော့ပေးလိုက်ပါတယ်။

အခုဆိုရင် Xiaomi ဟာ မျက်နှာပြင်အောက် ကင်မရာကနေ အရည်အသွေး မြင့်တဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်သလို မျက်နှာပြင် အရည်အသွေး မကျစေတဲ့ ကိုယ်ပိုင် နည်းပညာကို ဖန်တီးထားနိုင်ပါပြီ။ အဲဒီ နည်းပညာ ပါတဲ့ Xiaomi ရဲ့ ဖုန်းတွေ နောက်နှစ်လောက်မှာ ထွက်လာနိုင်ပါတယ်။

Ref : gsmarena