ကိုရိုနာဗိုင်းရက်စ်ကြောင့် တိုးမြှင့်ပေးထားတဲ့ တရုတ် နှစ်သစ်ကူး အားလပ်ရက်တွေ ကုန်ဆုံးပြီဖြစ်တဲ့အတွက် Xiaomi ရဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ပြန်ဝင်နေရပါပြီ။ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစေဖို့ Xiaomi က ကိုရိုနာ ဗိုင်းရက်စ် ကာကွယ်ပေးမယ့် မျက်နှာဖုံးနဲ့ ပိုးသတ်ဆေးတွေကို ပံ့ပိုးပေးထားပါတယ်။

ဒီလ ၁၀ ရက်နေ့မှာ လုပ်ငန်းခွင် ပြန်စတဲ့ နည်းပညာ ကုမ္ပဏီ အနည်းငယ်ထဲမှာ Xiaomi လည်း ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန် ဒါရိုက်တာ ဝန်တန်က ဗိုင်းရက်စ် ကာကွယ်ဖို့ ဝန်ထမ်း ၁ ယောက်ချင်းစီအတွက် ပစ္စည်း ၃ ခုပါတဲ့ Package ၁ ခုစီကို ပံ့ပိုးပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ဝီဘိုက ပို့စ်မှာ ဝန်ထမ်းတွေကို ဆေးဖက်သုံး မျက်နှာဖုံးတွေ၊ အယ်လ်ကိုလ်ဟော အခြေပြု ဖြန်းဆေးနဲ့ လက်သန့်စင် ဆေးရည်တွေကို ပံ့ပိုးပေးထားတယ်လို့ ရေးသားထားပါတယ်။

Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing ကလည်း လုပ်ငန်းခွင် ပြန်ဝင်မယ့် လူတွေ ဘေးကင်းလုံခြုံအောင် ဂရုစိုက်နေထိုင်ဖို့ ဝီဘိုမှာ ရေးသားထားပါတယ်။ Xiaomi ရဲ့ ပူးတွဲတည်ထောင်သူ Lei Jun က ကျွန်တော်တို့ ဝန်ထမ်းအားလုံး ဆေးဖက်သုံး အကာအကွယ် မျက်နှာဖုံးတွေ ဝတ်ဆင်ကြပါတယ်လို့ ရေးသားထားပါတယ်။ သူက အရေးပေါ်လိုအပ်နေတဲ့ နေရာတွေမှာ N95 မျက်နှာဖုံးတွေ ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

Ref : gizmochina