Xiaomi ကနေ လက်ရှိအချိန်မှာ Laptop စျေးကွက်ကို Mi Notebook တွေတင်မဟုတ်ဘဲ စျေးပိုသက်သာတဲ့ RedmiBook ဆိုပြီး ထပ်မံထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ အခုလည်း အဆိုပါ RedmiBook တွေထဲက RedmiBook 14 Ryzen Edition ကို Update ပြုလုပ်ပေးသွားတော့မှာပါ။

ဒီ RedmiBook 14 Ryzen Edition အသစ်ကိုတော့ လာမယ့် မတ်လ ၂၄ ရက်နေ့မှာ Redmi K30 Pro ဖုန်းတွေနဲ့အတူ မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖြစ်နိုင်တာကတော့ Design ပိုင်းမှာတော့ ပြောင်းလဲသွားမှာမဟုတ်ပေမယ့် Processor ပိုင်းကိုပဲ Update ပြုလုပ်လာဖို့များနေပါတယ်။

လက်ရှိထွက်ရှိလာတဲ့ Leak တွေအရတော့ RedmiBook 14 Ryzen Edition အသစ်ဟာ 16GB RAM နဲ့ 512GB SSD တွေပါဝင်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မော်ဒယ်က Ryzen 3500U သို့မဟုတ် 3700U ကို အသုံးပြုထားခဲ့တဲ့အတွက် AMD ရဲ့ Ryzen 4000 Series Processor အသစ်တွေကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

တကယ်လို့သာ ဒီလိုမျိုး Ryzen 4000 Series Processor တွေကို အသုံးပြုလာမယ်ဆိုရင် 7nm Architecture လည်းဖြစ်တဲ့အပြင် အမြင့်ဆုံး 8 Cores ၊ 16 Threads အထိ ပါဝင်လာနိုင်တဲ့အတွက် RedmiBook 14 Ryzen Edition Laptop အသစ်တွေဟာ စောင့်ကြည့်သင့်တဲ့ Laptop တစ်ခုလို့ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ မတ်လ ၂၄ ရက်နေ့မှာ Redmi K30 Pro ၊ K30 Pro Zoom နဲ့ RedmiBook 14 Ryzen Edition အသစ်တွေအပြင် Mi Air Purifier F1 အသစ်ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Ref – Notebook Check