Huawei ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက ၂၀၂၀ ပထမနှစ်ဝက်အတွက် ကမ္ဘာ့စမတ်ဖုန်းစျေးကွက်မှာ Samsung ကို ကျော်တက်ပြီး ပထမနေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်နေပေမယ့်လည်း Huawei အနေနဲ့ Europe စျေးကွက်မှာတော့ ယခင်ကထက် ရောင်းအားကျဆင်းသွားပုံရပါတယ်။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ၂၀၂၀ ဒုတိယ ၃ လပတ်အတွက် Europe စျေးကွက်မှာ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Huawei အနေနဲ့ တတိယနေရာကနေ စတုတ္ထနေရာအထိဆင်းသွားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တတိယနေရာကို ရယူလိုက်တာကလည်း Xiaomi ဖြစ်တယ်လို သိရပါတယ်။

Xiaomi နဲ့ Huawei ကုမ္ပဏီတွေဟာ စျေးကွက်ပိုင်ဆိုင်မှုနှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းစီရှိနေတယ်ဆိုပေမယ့် Xiaomi အနေနဲ့ စမတ်ဖုန်းအလုံးရေ ၇.၁ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei ကနေ ရောင်းချနိုင်တာထက် အလုံးရေ ၁ သိန်းဝန်းကျင်ပိုများခဲ့ပြီး Xiaomi ကနေ တတိယနေရာရရှိသွားတာဖြစ်ပါတယ်။

ပထမနေရာမှာ Samsung ကနေ စျေးကွက်ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းနဲ့ရယူထားပြီး ဒုတိယနေရာမှာတော့ Apple ကနေ စျေးကွက်ပိုင်ဆိုင်မှု ၂၁ ရာခိုင်နှုန်းနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကြောင့် မနှစ်ကနဲ့ယှဥ်ရင် စမတ်ဖုန်းရောင်းအားကျဆင်းတယ်ဆိုပေမယ့်လည်း Apple အနေနဲ့ မနှစ်တုန်းကထက် ၄၂ ရာခိုင်နှုန်းနဲ့ Xiaomi ကတော့ မနှစ်တုန်းကထက် ရောင်းအား ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ အခုလိုမျိုး Europe စျေးကွက်မှာ အောင်မြင်လာပြီး တတိယနေရာအထိရောက်ရှိလာတာကတော့ အံ့သြဖို့တောင် ကောင်းတယ်လို့ ပြောရမှာပါ။ ယခု Report ကို ထုတ်ပြန်ခဲ့တဲ့ Canalys ရဲ့ ပြောကြားချက်အရတော့ အဓိကအနေနဲ့ Redmi Note 8 နဲ့ Redmi Note 9 Series ဖုန်းတွေရဲ့ ရောင်းအားကြောင့် ဒီလိုမျိုး တတိယနေရာရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref – Android Authority