Xiaomi ဟာ သူကတိပေးထားတဲ့အတိုင်းပဲ အိန္ဒိယဈေးကွက်ထဲမှာ Mi True Wireless Earphones 2C ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီနားကြပ်ဟာ အိန္ဒိဈေးကွက်ထဲမှာ မိတ်ဆက်ခဲ့ဖူးတဲ့ Mi True Wireless Earphones 2 ရဲ့ဈေးချိုတဲ့ ဗားရှင်းလည်း ဖြစ်ပါတယ်။

Mi True Wireless Earphones 2C ဟာ Bluetooth 5.0 ကို ထောက်ပံ့ပေးပြီး၊ ဖုန်းပြောနေချိန်မှာ ပတ်ဝန်းကျင်ဆူညံသံကို ဖယ်ရှားပေးနိုင်တဲ့ (ENC) Dual microphone လည်းပါဝင်ပါတယ်။ အခြေခံဗားရှင်းနဲ့ 14.2mm driver ချင်းအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် AAC codec နဲ့သာလာပြီး LDHC Hi-Res audio codec ကတော့ Standard ဗားရှင်းမှာပဲ ရတာ ဖြစ်ပါတယ်။

နားကြပ်ရဲ့ ဒီဇိုင်းကတော့ အသုံးပြုသူရဲ့ နားတွင်းမှာ အံဝင်ခွင်ကျဖြစ်စေမယ့်ပုံစံကို ပြုလုပ်ထားတာတွေ့ရပါတယ်။ တပ်ဆင်ရတာ သက်သောင့်သက်သာဖြစ်စေပြီး အလွယ်တကူ ပြုတ်ကျမသွားစေနိုင်တဲ့ ဒီဇိုင်းမျိုးလို့ ဆိုနိုင်ပါတယ်။ နားကြပ်တစ်ခုစီရဲ့အလေးချိန်ဟာ ၄.၇ ဂရမ်သာရှိပြီး Case နဲ့ဆိုရင်တော့ ၄၈ ဂရမ် လေးမှာဖြစ်ပါတယ်။

Mi TWS Earphones 2C ဟာ MIUI သုံး စမတ်ဖုန်းတွေနဲ့လည်း အလိုအလျောက် ချိတ်ဆက်အသုံးပြုနိုင်မယ့် Feature တွေ ထောက်ပံ့ပေးထားပါသေးတယ်။ နားကြပ်သက်သက်သုံးရင် ၅ နာရီကြာသုံးနိုင်ပြီး Case နဲ့ဆိုရင်တော့ နာရီ ၂၀ ကြာသုံးနိုင်မှာလည်း ဖြစ်ပါတယ်။ USB Type-C ကတစ်ဆင့် အားသွင်းနိုင်ပြီး ၁နာရီခွဲနဲ့ အားအပြည့် သွင်းနိုင်မှာလည်း ဖြစ်ပါတယ်။

အသံအတိုး၊ အကျယ်ပြောင်းလဲတာ၊ တေးသီချင်း ပြောင်းလဲတာ၊ စတဲ့လုပ်ဆောင်ချက်တွေအတွက် Infrared sensors တွေ ထည့်သွင်းပေးထားပြီး Intelligent wear detection ကလည်း နားကြပ်ကို နားကနေဖယ်လိုက်တာနဲ့ အလိုအလျောက် ခေတ္တရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။ Mi True Wireless Earphones 2C ကို $34 (၄ သောင်းခွဲဝန်းကျင်) နဲ့ Flipkart, mi.com နဲ့ အခြားလက်လီဆိုင်တွေမှာ ရောင်းချမှာလည်း ဖြစ်ပါတယ်။

Ref: Gizmochina